Home သတင်း သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိအတွက် ခွဲကဘောင် ကရင်အမျိုးသားကျောင်းမှ ကျောင်းသူ/သားများ စုပေါင်းသွေးလှူဒါန်း

သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိအတွက် ခွဲကဘောင် ကရင်အမျိုးသားကျောင်းမှ ကျောင်းသူ/သားများ စုပေါင်းသွေးလှူဒါန်း

313
Photo Credit to: Original Uploader

ဇန်နဝါရီ ၂၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင် ဇန်နဝါရီလ ၂၀ ရက်က လက်နက်ကိုင်ဆောင်သူများကို ဖမ်းဆီးစဉ် သေနတ်ဖြင့် ပစ်ခတ်ခံရသည့် ထိုင်းရဲအရာရှိ လူနာ၏ သွေးလိုအပ်ချက်အတွက် ခွဲကဘောင်ကရင် အမျိုးသား အထက်တန်းကျောင်းမှ ကျောင်းသား/သူများက သွားရောက် သွေးလှူဒါန်းခဲ့ကြောင်း သိရသည်။

သေနတ်သမား၏ ပစ်ခတ်မှုကြောင့် ဝမ်းဗိုက်မှ နောက်ကျောဘက်သို့ ကျည်ပေါက်ထွက် ဒဏ်ရာရရှိခဲ့သည့် ထိုင်းရဲအရာရှိ ဆတ်ဆန်ကန်ခ အသက် ၅၁ နှစ်ကို မဲဆောက်ဆေးရုံကြီး၌ ခွဲစိတ်ကုသမှုခံယူစဉ် သွေးသွင်းရန် လိုအပ်ချက်ရှိသဖြင့် အကူအညီ တောင်းခံခဲ့ရာမှ ဇန်နဝါရီလ ၂၁ ရက် နံနက်ပိုင်းတွင် ခွဲကဘောင်ကျောင်းမှ ကျောင်းသား/သူများက သွားရောက် သွေးလှူဒါန်းခဲ့ခြင်း ဖြစ်သည်။

ခွဲကဘောင် ကျောင်းအုပ် စောကျော်ခလိန်းရှူးက “ထိသွားတဲ့ ရဲမှူးက မယ်ပမှာပဲ နေတယ်လေ။ ရဲစခန်း ကလည်း ကျနော်တို့ နေရာနားမှာ ဆိုတော့ သူတို့နဲ့ ရင်းနှီးမှုရှိတယ်။ သူက ခွဲကဘောင် ကျောင်းမှာ လည်း အမြဲ လာလှူပေးတယ်။ တစ်ခုခု ဖြစ်ရင်လည်း သူ့ကို အကူအညီ သွားတောင်းဖြစ်တယ်။ သူ့ရဲ့ ရုံးက သွေးလှူပေးဖို့ ဖုန်းဆက် အကူအညီ တောင်းလာမှပဲ သိရတယ်ပေါ့နော်။ သူတို့ ကားငှားပြီး လာကြိုပေးတယ်။
ဒီနေ့ ကလေးအယောက် ၃၀ လောက် သွားပို့ ဖြစ်တယ်။ နောက်ရက် သွေးထပ် လိုရင်လည်း ထပ်ပြီး သွားလှူပေးဦးမယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် မဲဆောက်မြို့တွင် နေထိုင်ကြသည့် ရွှေ့ပြောင်း မြန်မာနိုင်ငံသားအချို့လည်း ပါဝင် သွေးလှူဒါန်းခဲ့ကြပြီး ဒဏ်ရာရရဲအရာရှိအတွက် လူနာသတင်း မေးမြန်းခြင်း၊ စိတ်ခွန်အားပေး စကားများ အသီးသီးပြောခဲ့ကြသည်ဟု သိရသည်။

Photo Credit to: Original Uploader

“ထိုင်းရဲအရာရှိအတွက် သွေးသွားလှူတော့ ဆရာမက မြန်မာလာလှူတာဆိုတော့ အံ့ဩနေတယ်။ သူတို့ ထင်မထားဘူး။ ဝမ်းသာနေကြတယ်။ ကျနော်ကတော့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ကိုယ် ကူညီနိုင်တာ ကူညီပြီး သွေးလှူခွင့် ရတဲ့အတွက် ကျေနပ်ပါတယ်” ဟု မြန်မာလူငယ်တစ်ဦးကလည်း သူ၏ သွေးလှူဒါန်းမှုနှင့် ပတ်သက်၍ လူမှုကွန်ရက်ပေါ်တွင် ရေးသားထားသည်။

အဆိုပါ သေနတ်ကိုင်ဆောင်လာပြီး ပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ပြစ်မှုကျူးလွန်သူ အသက် ၂၀ ကျော် အရွယ် နိုင်လင်းအောင် ဆိုသူကို ဖမ်းဆီးရမိရေး အပူတပြင်း ရှာဖွေနေသကဲ့သို့ ၎င်းနှင့်အတူ ဆိုင်ကယ် မောင်းလာသည့် မင်းဇော်ထွေး ဆိုသူကိုလည်း အခင်းဖြစ်နေရာတွင် ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ် တရားခံများ၊ နေထိုင်ရာ အိမ်ယာနေရာနှင့် မိသားစုဝင်များအား စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

လက်ရှိတွင် မဲဆောက် အာဏာပိုင်အရာရှိကြီးများက ဒဏ်ရာရ ခွဲစိတ်လူနာ၏ အခြေအနေမှာ အသက် အန္တရာယ် စိုးရိမ်စရာ မရှိတော့သည့် အနေအထား ဖြစ်လာသည့်အပေါ် ရဲအရာရှိအား လူနာတွေ့ဆုံ အားပေးစကား ပြောကြားခဲ့သလို ကျူးလွန်သူ တရားခံကို အလွတ်မပေးဘဲ ဖမ်းဆီးကာ ပြစ်ဒဏ် ပေးနိုင်ရန် ကြိုးပမ်းနေကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်ဟု သိရသည်။