ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ သံလွင်မြစ်အနောက်ဘက်ခြမ်း လှာကာကျေးရွာအုပ်စုရှိ စစ်တပ်ပိုင် မြိုင်ကလေးတန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ စည်းကမ်းမဲ့ထားရှိသည့် ကျောက်မီးသွေးအနံ့ဆိုးကြောင့် ညအချိန် နေရာပြောင်းရွှေ့အိပ်ရကြောင်း အနီးဝန်းကျင်ကျေးရွာနေ ဒေသခံပြည်သူများက ပြောသည်။
ကျောက်မီးသွေး အလွန်အကျွံ အသုံးပြုလည်ပတ်နေသည့် ထိုဘိလပ်မြေစက်ရုံတွင် စုပုံနေရာ ချထားသော ကျောက်မီးသွေးပြာမှုန့်များထံမှ ညဘက်အချိန်ပို ထွက်တတ်သည့် အနံ့ဆိုးကြောင့် နေရာပြောင်းရွှေ့အိပ်ရသည့် အခြေအနေရောက်သွားသည်ဟု ဒေသခံများက ပြောသည်။
“အနံ့ထွက်တာ အရင်လမှ စတာ မိုးတွင်းတုန်းက သိပ်မသိသာဘူး။ အခုချိန် ကျွန်းတောကုန်းရွာဆိုရင် ဘယ်လိုမှ နေလို့မရတော့ဘူး။ ညဘက်ပို အနံ့ထွက်တယ်။” ဟု ဘိလပ်မြေစက်ရုံနှင့် ပတ်သက်၍ သတိထားစောင့်ကြည့်လေ့ရှိသူ ရွာသားတစ်ဦးက ပြောသည်။
ကျွန်းတောကုန်းရွာအပါအဝင် ရေကျော်၊ ပဲကုန်း၊ ရွာလေး၊ လှာကာ စသည့် ကျေးရွာနေထိုင်သူအားလုံး ကျောက်မီးသွေးအနံ့ဒဏ် ခံရသော်လည်း စက်ရုံနှင့် အနီးကပ်ဆုံးရှိသည့် ကျွန်းတောကျေးရွာက အခြေအနေအဆိုးဆုံး ဖြစ်ကြောင်း သိရသည်။
မြိုင်ကလေး တန်(၄၀၀၀) ဘိလပ်မြေစက်ရုံ လည်ပတ်မှုမှ ထွက်ရှိသည့် ကျောက်မီးသွေးပြာမှုန့်များ ပြင်ပမရောက်စေရန် အခြားနည်းလမ်းဖြင့် ပြန်လည်အသုံးပြုမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က စက်ရုံတာဝန်ရှိသူများမှ ကျေးရွာနေပြည်သူများကို ပြောဆိုမှုရှိခဲ့သည်။
သို့သော် လက်ရှိတွင် စက်ရုံပြင်ပနေရာ၌ ကျောက်မီးသွေးပြာမှုန့်များကို တောင်ကြီးသဖွယ် ထင်သာမြင်သာ စုပုံထားသည်ဟု ကိုယ်တိုင်မြင်တွေ့ခဲ့သူများက ဆိုသည်။
ကျောက်မီးသွေးအနံ့ဒဏ် ဆိုးဆိုးဝါးဝါး ခံနေရသော်လည်း စစ်အုပ်စုလက်အောက်ရှိ မြန်မာ့စီးပွား ရေးကော်ပိုရေးရှင်း (MEC) ပိုင် စက်ရုံဖြစ်သောကြောင့် အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ဒေသခံများမှာ တစ်စုံတစ်ရာ ပြန်လည်ပြောဆိုမရဲကြသလို ကြားခံပြောပေးမည့် အဖွဲ့အစည်းများလည်း မရှိတော့ကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
၂၀၀၁ ခုနှစ်က စတင်လည်ပတ်ခဲ့သည့် အမှတ်(၂) တန်(၄၀၀၀) ဘိလပ်မြေစက်ရုံကို သဘာဝဓာတ်ငွေ့ လောင်စာဖြင့် ကနဦး အသုံးပြုခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျောက်မီးသွေး လောင်စာဖြင့် ပြောင်းလဲသုံးစွဲ လည်ပတ်လာခဲ့ခြင်းဖြစ်သည်။
မြိုင်ကလေး တန်(၄၀၀၀) ဘိလပ်မြေစက်ရုံမှ ထွက်ရှိသည့် အဆင့်မြင့် ဘိလပ်မြေထုတ်ကုန်သည် ကြံ့တံဆိပ် (RHINO) ဖြစ်ပြီး တစ်ရက်လျှင် တန်ချိန် (၄၀၀၀) ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း သိရသည်။



















