Home သတင်း မင်နီဆိုးတားရှိ ရွှေ့ပြောင်းနေထိုင်သူများအား ICE က ဆင့်ခေါ်စစ်ဆေးမှုများဖြင့် တင်းကြပ်စွာ ပြန်လည်လုပ်ဆောင်

မင်နီဆိုးတားရှိ ရွှေ့ပြောင်းနေထိုင်သူများအား ICE က ဆင့်ခေါ်စစ်ဆေးမှုများဖြင့် တင်းကြပ်စွာ ပြန်လည်လုပ်ဆောင်

532
Photo: Social Media

ဇန်နဝါရီ ၂၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်အတွင်း အမေရိကန်လူဝင်မှုနှင့် အကောက်ခွန်ကြီးကြပ်ရေးအဖွဲ့ -ICE က ယခုတလော ဆင့်ခေါ်စာ (DHS Call Letter) များဖြင့် စစ်ဆေးမှုများကို တင်းကြပ်စွာ ပြန်လည် လုပ်ဆောင်နေကြောင်း အမေရိကန်ရောက်ကရင်အသိုင်းအဝိုင်းထံမှ သိရသည်။

အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာန (DHS) လက်အောက်ရှိ ICE အဖွဲ့သည် ယခု ဇန်နဝါရီလမှစ၍ အထောက်အထား မပြည့်စုံသူများနှင့် အသစ်ရောက်ရှိလာသည့် ဒုက္ခသည်များ၏ နေအိမ်များသို့ သွားရောက်ပြီး ဆင့်ခေါ်စာ (DHS Call Letter)များ လိုက်လံပေးဝေသည့် စစ်ဆေးမှုများဖြင့် တင်းကျပ်စွာ ပြုလုပ်လာခြင်း ဖြစ်သည်။

ICE ဖမ်းဆီးခြင်းရခံသူများကို ကူညီပေးနေသည့် နော်လားစိုးက “ သူတို့က သူများအိမ်သွားလို့ သူများက အိမ်တံခါဖွင့်ပေးပြီးဆိုရင် ရုံးကို ခေါ်သွားပြီး စစ်ဆေး မေးမြန်းတာတွေ လုပ်တယ်လေ။ အခုသူတို့ကို တံခါးမဖွင့်ပေးတော့ သူတို့ဆီမှာ သွားရောက် အစစ်အဆေး ခံယူဖို့ အခုလို စာလိုက်ကပ်တဲ့သဘောပေါ့။ အခုမှ ရောက်လာတဲ့လူသစ်တွေ၊ Green card လျှောက်ထားတဲ့သူတွေ အဲ့ဒီဟာ မရှိသေးတဲ့သူတွေရဲ့ အိမ်တွေမှာ လိုက်ကပ်ခံရတာ ဖြစ်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ICE ၏ စစ်ဆေးမှုသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း အမေရိကန်သို့ ရောက်ရှိနေထိုင်သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်များကို ပြန်လည်စစ်ဆေးမည့် စီမံချက်တစ်ခုဖြစ်ပြီး မင်နီဆိုး တားပြည်နယ်အတွင်း၌ပင် ကရင်ဒုက္ခသည်ပေါင်း (၅,၆၀၀) ခန့်သည် စစ်ဆေးခံရမည့်အခြေအနေတွင် ရှိနေကြောင်း နော်လားစိုးက ဖြည့်စွက်ပြောသည်။

“စာရွက်စာတမ်းနဲ့ နိုင်ငံသားအထောက်အထားတွေ ရှိရင်တောင် ဘာသာစကားမပီရင် အရမ်းစစ်တယ်။ ကလေး လူကြီးကအစအပြင် လုံးဝမထွက်ရဲကြတော့ဘူး။ အလုပ်ချိန်ရောက်နေလည်း အလုပ်မသွားရဲကြတော့ တချို့ဆို အလုပ်ပြုတ်သွားတာ ရှိတယ်။ ကြာလာတော့ နေရေးထိုင်ရေးတွေလည်း ကြပ်တည်းလာကြတယ်။” ဟု မင်နီဆိုးတားပြည်နယ်တွင် နေထိုင်သည့် ကရင်အမျိုးသားတစ်ဦးက ပြောသည်။

ထို့အပြင် လိုက်လံစစ်ဆေးဖမ်းဆီးမှုတွင်လည်း ရွှေ့ပြောင်းနေထိုင်သူများသို့ ICE အဖွဲ့ဝင်အာဏာပိုင်များက ယခုလို လာရောက်စစ်ဆေးမှုများ ပြုလုပ်နေခြင်းကြောင့် ကရင်အပါအဝင် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း နေထိုင်သူများသည် စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေကြောင်း အမေရိကန်ရောက် ကရင်အသိုင်းအဝိုင်းက လူမှုကွန်ရက် စာမျက်နှာမှတဆင့် ဖော်ပြပြောဆိုသည်။

ယခုဖြစ်စဉ်များအပေါ် ကရင်ဒုက္ခသည်များကော်မတီ (KRC) အတွင်းရေးမှူး စောပွယ်စေးက “တကယ်လို့ ရေရှည်မှာ အကြီးအကျယ်တွေ ဖြစ်လာရင်တော့ ကျနော်တို့ ဒုက္ခသည်တွေ အနေနဲ့ UNHCR မှာသွားပြီး ကန့်ကွက်ရမှာပဲ။ ဝိုင်းကူဆော်ဪ ပေးဖို့ဆိုတာကလည်း ဒီကကိုယ့်လူတွေရဲ့ အခြေအနေကိုလည်း သေချာအောင် သိဖို့လိုတယ်။ ဒါကြောင့် ကိုယ့်လူတွေဘက်က အမှားကျူးလွန် ထားတာမျိုးရှိရင် ကိုယ်တွေပဲ အပြောခံရမယ်။ အခုကာလမှာ ကျနော်တို့ အခြေအနေကို အမြဲစောင့်ကြည့်နေပါတယ်။ အဲ့က လူတွေနဲ့ အမြဲတမ်း ချိတ်ဆက် ဆက်သွယ်နေပါတယ်”

လက်ရှိတွင် ကရင်ယဥ်ကျေးမှုအဖွဲ့အစည်း-မင်နီဆိုးတား(KCOM)ကလည်း ဆင့်ခေါ်စာရရှိသူများအနေဖြင့် ရုံးသို့ တစ်ဦးတည်း သွားရောက်ခြင်းမပြုရန်နှင့် ၎င်းစာ လက်ခံရရှိသူများအနေဖြင့် နားလည်တတ်ကျွမ်းသည့် ဥပဒေအသိုင်း အဝိုင်းသို့ အကူအညီ တောင်းခံကြရန်လည်း နှိုးဆော်ထားသည်။

မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်မြို့တွင် ICE ၏ဖမ်းဆီးခြင်းခံရသည့် မြန်မာနိုင်ငံသား ၅ ဦးရှိပြီး ၎င်းတို့အနက် Refuges Status ဖြင့်နေထိုင်သူ ၂ ဦးက ပြန်လည်လွတ်မြောက်လာပြီးဖြစ်သည်။ သို့သော် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် နေအိမ်၌ ဖမ်းဆီးခံရသည့် Refuges Status ဖြင့်နေထိုင်သူ ကရင်အမျိုးသမီး ၁ ဦးနှင့် Asylum လျှောက်ထားသူ ၂ ဦးတို့မှာ ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း သိရသည်။