Home သတင်း ဘန်ကောက် အပါအဝင် ပြည်နယ် ၂၀ တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်

ဘန်ကောက် အပါအဝင် ပြည်နယ် ၂၀ တွင် လေထုညစ်ညမ်းမှု အနီရောင်အဆင့် သတ်မှတ်

257
Photo: Bangkok Post

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အပါအဝင် ပြည်နယ် ၂၀ ခုတွင် လေထုညစ်ညမ်းမှုဆိုးဆိုးရွားရွား ဖြစ်ပေါ်နေပြီး လေထုမှာ အန္တရာယ်ရှိသည့် အမှုန်(PM2.5) ပါဝင်မှု များပြားနေပြီး အနီရောင်အဆင့် သတ်မှတ်ထားကြောင်း ဘန်ကောက်ပို့စ်သတင်းဌာနက ယနေ့တွင် ဖော်ပြထားသည်။

ယနေ့ ဇန်နဝါရီလ ၁၄ရက်နေ့၊ နံနက်ပိုင်းတွင် ထိုင်းပထဝီနှင့် အာကာသဆိုင်ရာအေဂျင်စီ (GISTDA) ၏ထုတ်ပြန်ထားချက်အရ လေထုအရည်အသွေး PM 2.5 နှုန်းသည် ပုံမှန်အဆင့်ထက် ကျော်လွန်နေပြီ လေထုတစ်ကုဗမီတာလျှင် ၇၉.၂ မှ ၁၀၈ မိုက်ခရိုဂရမ်သို့ ရောက်ရှိနေသည်ဟု ဆိုသည်။

PM 2.5 ဆိုသည်မှာ ၂ ဒသမ ၅ မိုင်ခရိုမီတာထက် သေးငယ်သော ဖုန်မှုန့်ကို ဆိုလိုပြီး အစိုးရက သတ်မှတ်ထားသော လေထုစံနှုန်းမှာ တစ်ကုဗမီတာအတွင်း ၃၇ ဒသမ ၅ မိုင်ခရိုဂရမ် ဖြစ်သည်။

ဘန်ကောက်မြို့အနီးရှိ ဆမုတ်စခွန် ၊ နခွန်ပထုမ် နှင့် နွန်ထဘူရီ ပြည်နယ်များတွင် ဖုန်မှုန့်ပမာဏမှာ ဂဏန်းသုံးလုံးအဆင့်အထိ ရောက်ရှိနေသလို ဘန်ကောက်မြို့ထဲတွင် လေထု တစ်ကုဗမီတာလျှင် ၇၉.၂ မှ ၁၀၈ မိုက်ခရိုဂရမ်သို့ မြင့်တက်ခဲ့သည်ဟု ဘန်ကောက်ပို့စ်သတင်းတွင် ဖော်ပြထားသည်။ ဆမုတ်ဆောင်ခရာမ်နှင့် ပထုမ်သနီ ပြည်နယ်များတွင် ၉၆.၈ နှင့် ၉၅.၂ မိုက်ခရိုဂရမ်သို့ အသီးသီး ရှိခဲ့သည်ဟု သတင်းတွင် ဖော်ပြပါရှိသည်။

ဘန်ကောက်မြို့ရှိ လေထုအရည်အသွေး အနီရောင်အဆင့် ထုတ်ပြန်ထားသော ပြည်နယ်များတွင် အန်ထောင်၊ အယုဒ္ဓယာ၊ ဆမုတ်ပရာခန်း၊ ရတ်ချာဘူရီ၊ စင်ဘူရီ၊ ဆုပန်ဘူရီ၊ ဖက်ချာဘူရီ၊ ချာချိုးင်စော၊ လိုပ်ဘူရီ၊ ဆာကေဝ်၊ ကန်ချနဘူရီ၊ ချွန်ဘူရီ၊ ပရာချင်ဘူရီ၊ ပရာချွပ်ခီရီခန်း နှင့် ဆရာဘူရီ တို့ပါဝင်နေသည်။

လိမ္မော်ရောင်အဆင့် သတ်မှတ်ထားသည့် ပြည်နယ်များကိုလည်း (GISTDA) က ထုတ်ပြန်ထားပြီး ၎င်းတို့ထဲတွင် နခွန်နယုတ်၊ ခွန်ကယ်န်၊ နခွန်ရာချာစီမာ၊ ရာယောင်း၊ ဖူးကက်၊ ဥဒွန်သနီနှင့် ဥဘွန်ရာ ချာသနီစသည့် ပြည်နယ်များတွင်လည်း လေထုညစ်ညမ်းမှုဒဏ်ကို ကြုံတွေ့နေရပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဒေသများတွင် လေထုအရည်အသွေး ပုံမှန်ထက် ကျဆင်းနေပြီး အဆုတ်နှင့်ဆိုင်သော ကျန်းမာရေးအခြေအနေ ထိခိုက်နိုင်ကြောင်း၊ လေထုထဲ ဖုန်မှုန့် ပါဝင်မှုနှုန်းသည် ထပ်မံမြင့်တက်လာနိုင်သည့်အတွက် ကျန်းမာရေး ထိခိုက်မှုများ ရှိလာနိုင်ကြောင်း အာဏာပိုင်များက သတိပေးထားသည်။

ထို့အပြင် ပြည်သူလူထုများအနေဖြင့် အပြင်ထွက်ချိန် PM 2.5 ကို ကာကွယ်နိုင်သော နှာခေါင်းစည်းများ တပ်ဆင်ကြရန်နှင့် အပြင်သို့ သွားလာမှုကို လျှော့ချကြရန် သတိပေးထားသည့်အပြင် အကယ်၍ ချောင်းဆိုးခြင်း၊ အသက်ရှူရခက်ခြင်းနှင့် မျက်လုံးပြဿနာများဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် ပြသရန် တိုက်တွန်းထားသည်။

ထိုင်းနိုင်ငံ တစ်ဝန်းလုံးအနေဖြင့် မယ်ဟောင်ဆောင်ပြည်နယ် တစ်ခုတည်းသာ လေထုအရည်အသွေး အကောင်းဆုံးအဆင့်တွင် ရှိနေပြီး ချင်းရိုင်၊ ချင်းမိုင်နှင့် တောင်ပိုင်းရှိ ရန်နောင်၊ ချွန်ဖွန်တို့တွင် လေထုကောင်းမွန်သည့် အခြေအနေတွင် ရှိနေကြောင်း ထိုင်းမီဒီယာများ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။