Home ဆောင်းပါး ပြည်တွင်းစစ် သို့မဟုတ် စစ်အုပ်စုရဲ့ ကိုးကွယ်ဆည်းကပ်ရာ

ပြည်တွင်းစစ် သို့မဟုတ် စစ်အုပ်စုရဲ့ ကိုးကွယ်ဆည်းကပ်ရာ

654
Photo: Crd.

ပြည်တွင်းစစ် သို့မဟုတ် စစ်အုပ်စုရဲ့ ကိုးကွယ်ဆည်းကပ်ရာ

မောင်ကျော်စွာ

(၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်)

မင်းအောင်လှိုင် စစ်အုပ်စုက ဇန်နဝါရီလ ၁၃ရက်နေ့ကနေ ၁၅ရက်နေ့အထိ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၆” ဆိုတာကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆိုတဲ့ဆောင်ပုဒ်နဲ့ ကျင်းပခဲ့တယ်။

ဖုတ်ပူမီးတိုက် အသက်သွင်းခဲ့တဲ့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”နဲ့ လူငယ်တွေကို ပေါ်တာဆွဲသလို အလိုမတူဘဲ အဓမ္မ စစ်ထဲတွန်းပို့တဲ့ ပြည်သူ့စစ်မှုထမ်းသင်တန်းတော့ အမှတ်စဉ်က (၂၁)အထိ ရှိပါလာပြီ။

“လူငယ်ငြိမ်းချမ်းရေးဖိုရမ် – ၂၀၂၆” ဆိုတာဟာ လူငယ်တွေရဲ့ အသက်သွေးတွေကို စတေးပစ်ပြီး စစ်အုပ်စုရဲ့ ထာဝရအကျိုးစီးပွားကို ကာကွယ်တဲ့ စစ်သားအဓမ္မစုဆောင်းရေးလုပ်ငန်းနဲ့ မတင်းတိမ်နိုင်တော့ဘဲ လူငယ်တွေရဲ့ ဦးနှောက်ကိုပါ ဆေးကြောဖို့အထိ မင်းအောင်လှိုင် စစ်အုပ်စုက ခြေလှမ်းချဲ့လာတာြဖစ်ပါတယ်။

ကြည့်ရတာ လူငယ်တွေကို စစ်မြေပြင်မှာ၊ အကျဉ်းထောင်တွေထဲမှာ ချေမှုန်းနေတာနဲ့ မလုံလောက်တော့ဘူး။ လူငယ်ထုကြားထဲမှာ ရန်တိုက်သွေးခွဲပေးနိုင်ဖို့ လှည့်ဖြားလိမ်ညာမှုကိုလည်း တစ်ပြိုင်နက်ထဲလုပ်ရမယ်လို့ စစ်အုပ်စု က စဉ်းစားပြီး လက်တွေ့ အကောင်အထည်ဖော်လာတာ ဖြစ်လိမ့်မယ်လို့ ယူဆတယ်။

ဒေါ်အောင်ဆန်းစုကြည်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ထဲရောက်သွားချိန်ကစလို့ လူငယ်တွေ ရဲ့အနာဂတ်ဟာ အရင်အချိန်ကာလတွေကထက် ပိုပြီးအဓိပ္ပာယ်ရှိလာတယ်။ မျှော်လင့်ချက်ဟာ ပိုပြီး တောက်ပလာ တယ်၊ ကြည်လင်လာတယ်လို့ ခံစားလာကြတယ်။ လက်တွေ့ဖော်ပြချက်ကတော့ ၂၀၁၂ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလဒ်တွေ ဖြစ်ပါတယ်။

ကျနော်ပြောတဲ့ အနာဂတ်မျှော်လင့်ချက်တွေ အဓိပ္ပာယ်ရှိလာသလို၊ တောက်ပသလို ခံစားမိလာကြတဲ့ လူငယ် တွေထဲမှာ တပ်မတော်ထဲက၊ ရဲတပ်ဖွဲ့ထဲက စသဖြင့် စစ်အုပ်စုအဆက်ဆက်ရဲ့ အမိန့်ညွှန်ကြားချက် ဆိုတဲ့ အကျဉ်း ထောင်လိုဖြစ်နေတဲ့ တပ်ဖွဲ့တွင်း ကမ္ဘာကျဉ်းလေးထဲမှာ ပြည်သူတွေနဲ့ ရန်တိုက်ခွဲခြားထားခြင်း ခံထားရတဲ့ လူငယ် တပ်မတော်သား/ရဲတပ်ဖွဲ့ အရာရှိတွေနဲ့ အခြားအဆင့်အသီးသီးက လူငယ်တွေအပါအဝင် ဖြစ်ပါတယ်။

တက္ကသိုလ်ပညာအဝန်းအဝိုင်း၊ စာပေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်က လူငယ်တွေလည်း အပါအဝင်ပေါ့။ ဒေါ်အောင် ဆန်းစုကြည်တို့ရဲ့ အစိုးရအောက်မှာ စစ်အုပ်စုအဆက်ဆက်အုပ်စိုးမှုနဲ့ နှိုင်းစာရင် အင်မတန်ခြားနားတဲ့ လူကို လူလို တန်ဖိုးထား ဆက်ဆံတဲ့ နွေးထွေးပျူငှာတဲ့ အုပ်စိုးသူနဲ့ အုပ်စိုးခံဆက်ဆံမှုကို လက်တွေ့ ထိတွေ့ခံစားလာခဲ့ကြရတယ်။ ဒီလူငယ်တွေဟာ ကိုဗစ်-၁၉ လို ကပ်ရောဂါကြီးမှာ စေတနာ့ဝန်ထမ်းခဲ့ကြတယ်။

ဒီလိုခံစားမှုတွေ၊ မျှော်လင့်ချက်တွေ ပြည့်ဝနေတဲ့လူငယ်တွေရဲ့ အနာဂတ် အိပ်မက်စိတ်ကူးတွေဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့် တစ်စစီပြိုကွဲ ပျက်စီးသွားခဲ့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်သဖွယ် အုပ်စိုးမှုအောက်မှာ ယဉ်ကျေးသိမ်မွေ့လာနေတဲ့၊ နိုးကြားနေတဲ့ လူငယ်တွေဟာ ကျားပေါက် – ခြင်္သေ့ပေါက်တွေပမာ ကျားရဲစိတ်၊ ခြင်္သေ့ရဲစိတ်ဝင်သွားကြတယ်။

မဲ မသမာမှုဆိုတဲ့ လုပ်ကြံစွပ်စွဲချက်နဲ့ သူတို့ အသဲကြားက ပေးခဲ့တဲ့ မဲတွေကို မင်းအောင်လှိုင် စစ်အုပ်စုက နင်းခြေဖျက်ဆီးပစ်လိုက်တယ်။ လူငယ်အများစုက မိခင်သဖွယ် လေးစားအားကိုးတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို လုပ်ကြံစွပ်စွဲချက်တွေနဲ့ ဖမ်းဆီးထောင်ချပစ်လိုက်တယ်။

ဒီဖြစ်ရပ်တွေက လူငယ်ထုကို “နွေဦးလူထုအုံကြွမှု” အဲဒီကနေတစ်ဆင့် “နွေဦးလက်နက်ကိုင် ခုခံတော်လှန် စစ်အထိ” တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းတက်လှမ်းသွားစေဖို့ အဓိကတွန်းအားပေးလိုက်တဲ့ မူလအကြောင်းအ ချက်တွေပဲ ဖြစ်ပါတယ်။

ဒါကြောင့် နွေဦးခုခံတော်လှန်စစ် ပေါ်ပေါက်လာတာ CRPH – NUG – PDF စတဲ့ မျိုးဆက်သစ် လက်နက်ကိုင် တပ်ဖွဲ့တွေ မြန်မာပြည်တစ်ဝန်းမှာ အလျှိုအလျို ဖွဲ့စည်းပေါ်ပေါက်လာရတာက ဘယ်သူကမှ၊ ဘယ်ပါတီကမှ ချော့မြှူ သွေးထိုးလှုံ့ဆော်ခဲ့တာ မဟုတ်ပါဘူး။ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ (၁-၂-၂၀၂၁)ရက်နေ့ အာဏာသိမ်းပိုက်မှုဟာ တစ်ခု တည်းသော ပင်မအကြောင်းအချက် ဖြစ်ပါတယ်။

မဲစာရင်းမှားယွင်းမှု အစရှိတဲ့ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ အမှုအခင်းတွေ (၂၀၀၈ အခြေခံဥပဒေ၊ ပုဒ်မ ၄၀၂ ပါ ကိစ္စရပ်တွေ)ဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သူ့ဥပဒေ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ “အပ်နဲ့ထွင်”လို့ရ တဲ့ သာမန်ပြဿနာတွေသာ ဖြစ်ပါတယ်။ ဒါကို “မဲ မသမာမှု”လို့ လုပ်ကြံပုံကြီးချဲ့ကာ မင်းအောင်လှိုင် စစ်အုပ်စုနဲ့ စစ်အုပ်စုခါးပိုက်ဆောင်ပါတီတွေက အတိုင်အဖောက်လုပ်ပြီး “အာဏာသိမ်းနဲ့နည်း” ဆိုတဲ့ “ပုဆိန်နဲ့” မိုက်မိုက်ကန်း ကန်းပေါက်လိုက်ကြလို့ ပေါ်ပေါက်လာရတဲ့ နောက်ဆက်တွဲကိစ္စတွေဖြစ်ပါတယ်။

Photo: Crd.

မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ဒီလုပ်ရပ်တွေက နိုးထလာတဲ့ မျိုးဆက်သစ်လူငယ်တွေရဲ့ အနာဂတ်စိတ်ကူး အိပ်မက်တွေကို ပက်ပက်စက်စက် နင်းချေဖျက်ဆီးပစ်လိုက်တာပါ။ ဒီအကြောင်းအချက်တွေက မင်းအောင်လှိုင် စစ်အုပ်စုအပေါ် လုံးလုံးလျားလျား အယုံအကြည်မဲ့သွားပြီး နာကျည်းခါးသီး မုန်းတီးသွားကြတာပဲဖြစ်ပါတယ်။

ဒီလိုလုပ်ရပ်တွေနဲ့ စစ်အုပ်စုဟာ ရပ်တန့်မနေဘဲ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ဖုတ်ပူမီးတိုက် အသက်သွင်း ပြီး ယိမ်းယိုင်သွားတဲ့ စစ်အင်အားကို ကျားကန်နိုင်ဖို့ လူငယ်အမြောက်အများကို စစ်ထဲ အဓမ္မဆွဲသွင်းပါတော့တယ်။ ဒါဟာ စစ်အုပ်စုအပေါ် နာကျည်းမုန်းတီးနေတဲ့ လူငယ်ထုရဲ့ ဦးနှောက်နဲ့ နှလုံးသားအပေါ်ကို သံရည်ပူတွေ ထပ်ပြီး လောင်းချလိုက်တာမျိုးပါပဲ။ ဒီဖြစ်ရပ်တွေက မင်းအောင်လှိုင်စစ်အုပ်စုအပေါ် မျိုးဆက်သစ်လူငယ်ထုရဲ့ ခါးသီးမှုက “သွေးကြွေးမှာ ဆွေးနွေးစရာမရှိ” – “အဆုံးထိ သွားမယ်” ဆိုတဲ့ အရှိန်နဲ့ ဒီဂရီကို ပိုပြီး ခိုင်မာသွားစေပြန်ပါတယ်။

ဒါ့အပြင် လူငယ်တွေရဲ့မိဘ ဘိုးဘွား ဦးလေး အဒေါ်စတဲ့ အုပ်ထိန်းသူများက မင်းအောင်လှိုင် စစ်အုပ်စုရဲ့ ယုတ်မာမှုကို တစ်ဆင့်တက်လို့ ခါးသီးနာကျည်းသွားစေပြန်ပါတယ်။ စစ်အုပ်စုနဲ့သွေးသားမကင်းသူတွေ၊ ဆွေမျိုးသား ချင်းတွေ၊ ငွေကြေးတတ်နိုင်သူတွေက နည်းအမျိုးမျိုးနဲ့ အဓမ္မ “စစ်မှုထမ်းဥပဒေ” ကို ရှောင်ရှားပြီး ဘေးကင်းရာမှာ ပညာနဲ့စီးပွားကို ရှာကြပါတယ်။ ကျန်တဲ့ လူငယ်အများစုကြီးကတော့ စစ်ထဲဝင်ရပါတယ်။ တချို့က နီးစပ်ရာ ပြည်ပ တိုင်းပြည်တွေဆီ ရရာအလုပ်လုပ်ကြဖို့ ဖြစ်တဲ့နည်းနဲ့ ထွက်ကြရပါတယ်။

ဒီအကျိုးဆက်ဖြစ်ရပ်တွေဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ (၁-၂-၂၀၂၁)ရက်နေ့ အာဏာသိမ်းပိုက်မှု ဆိုတဲ့ အကြောင်းတရားကနေ တိုက်ရိုက် ပေါ်ထွက်လာတာတွေချည်းပဲ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုသာမရှိခဲ့ရင် ဒီဖြစ် ရပ်တွေ ပေါ်ပေါက်လာစရာ၊ ဖြစ်လာနိုင်စရာ ဘာအကြောင်းမှ မရှိပါဘူး။

အကယ်၍ မဲ မသမာမှုပဲ ရှိပါစေအုံး (ရွေးကောက်ပွဲတိုင်းမှာ မဲပြဿနာဆိုတာ အနည်းနဲ့အများရှိစမြဲပါ) ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကသာ သူ့ဥပဒေစည်းကမ်းနည်းလမ်းနဲ့အညီ ဖြေရှင်းမယ်ဆိုရင်လည်း ဒီလိုဆိုး ကျိုးဆက်တွေ ပေါ်လာစရာ ဘာအကြောင်းမှ မမြင်မိပါဘူး။
အရင်းစစ်ရင် အမြစ်မြေက ဆိုတဲ့စကားလိုပါပဲ။ ဒီနေ့ဖြစ်ပျက်နေတဲ့ အကျိုးဆက်တွေဟာ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ မိုက်မိုက်ကန်းကန်း အာဏာသိမ်းပိုက်မှုဆိုတဲ့ လောဘဇောတိုက်မှုကနေ ပေါ်ပေါက်လာရတွေပဲ ဖြစ်ပါ တယ်။

လူငယ်တွေရဲ့ အိပ်မက်၊ မျှော်လင့်ချက်တွေကို နင်းခြေဖျက်ဆီးခဲ့တဲ့ မင်းအောင်လှိုင် စစ်အုပ်စုက “လူငယ်ငြိမ်း ချမ်းရေးဖိုရမ် – ၂၀၂၆” ဆိုတာကို “ငြိမ်းချမ်းရေးနှင့် နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကို မြှင့်တင်ပေး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတယ်ဆိုတော့ ဘယ်လောက်ရယ်စရာကောင်းပါသလဲ။ ဘယ်လောက် အရှက်ကင်းမဲ့ပါသလဲ။

လူငယ်အားလုံးကို ပန်ကြားချင်ပါတယ်။

လူငယ်တွေရဲ့ အနာဂတ်ကို ပြုစုပျိုးထောင်ပေးမယ့်သူက ဘယ်သူလဲ။

လူငယ်တွေနဲ့ လူငယ်တွေရဲ့ အနာဂတ်တွေကို မျှော်လင့်ချက်တွေကို စတေးပြီး မိမိကိုယ်ကျိုး (မင်းအောင်လှိုင် သမ္မတဖြစ်ရေး) စစ်အုပ်စုအကျိုး (စစ်အုပ်စုအာဏာ ထာဝစဉ်တည်တံ့ခိုင်မြဲရေး)အတွက် မိုက်မိုက်ကန်းကန်း နင်းချေ ဖျက်ဆီးသူဟာ ဘယ်သူလဲဆိုတာ တိုးတက်တဲ့လူငယ်တိုင်း၊ ကြည်လင်တဲ့ အမြင်ရှိတဲ့လူငယ်တိုင်းက အလွယ်တကူ သိနိုင်မြင်နိုင် သဘောပေါက်နိုင်ပါတယ်။

“စစ် ၃စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” တည်ရှိနေမှုဟာ လူငယ်တွေရဲ့အနာဂတ်ကို ပိတ်ပင်ထားတဲ့ လူငယ်တွေရဲ့ ပြာလွင်သော ကောင်းကင်ကို ကာဆီးထားတဲ့ အမှောင်တိုက်တွေပဲဖြစ်ပါတယ်။ “စစ် ၃ စစ်နဲ့ ၂၀၀၈ အခြေခံဥပဒေ” ကို အကုန်အစင်တိုက်ဖျက်ပစ်မှသာ လူငယ်ထုရဲ့၊ အနာဂတ်လူငယ်တွေရဲ့ မျှော်လင့်ချက်တွေဟာ တဖန်ပြန်လည် တောက်ပရှင်သန်လာနိုင်မှာပါ။

ပြည်တွင်းစစ်ကို ကျနော်တို့လူငယ်တွေ မလိုလားပါဘူး။ စစ်ပွဲနည်းလမ်းကို ကျနော်တို့ အရင်းခံဆန္ဒအရ မလို လားပါဘူး။ မင်းအောင်လှိုင် စစ်အုပ်စုရဲ့ အာဏာသိမ်းပိုက်မှုကြောင့် မဖြစ်မနေရွေးချယ်ခဲ့ရတဲ့ လမ်းကြောင်းတစ်ခုမျှ သာဖြစ်ပါတယ်။

ကျနော်တို့လူငယ်တွေရဲ့ အဓိကနဲ့ ပထမလိုလားချက်က စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီစနစ် သာ ဖြစ်ပါတယ်။
“ပြည်တွင်းစစ်” ဆိုတာ ငွေကုန်ကြေးကျ အင်မတန်များတဲ့ကိစ္စ ဖြစ်ပါတယ်။

Photo: Crd.

အထူးသဖြင့် လူငယ်တွေကို အများဆုံး သေကျေဒဏ်ရာရစေတဲ့ကိစ္စ ဖြစ်ပါတယ်။

“စစ်ပွဲ” ဆိုတဲ့ လုပ်ငန်းသဘာဝက သက်ရှိနဲ့ရုပ်ဝတ္ထုပစ္စည်းတွေ သတ်ဖြတ် ချေမှုန်းဖျက်ဆီးရတာကို အဓိက ဦးတည်ပါတယ်။

“ပြည်တွင်းစစ်”ကို စစ်အုပ်စုကပဲ မက်မောလိုလားပါတယ်။ “ပြည်တွင်းစစ်” နဲ့ ဒင်းတို့ အာဏာ စင်မြင့်ပေါ် တက်လာကြတာပါ။ စစ်အုပ်စု အာဏာတည်ဆောက်ခဲ့တာပါ။ တပ်မတော်ကို ခါးပိုက်ဆောင်တပ် တစ်လက်ကိုင်တပ် အဖြစ် ချုပ်ကိုင်အုပ်စီးထားတာပါ။ “ပြည်တွင်းစစ်” ကို အရင်းပြုပြီး ဒင်းတို့ ကြီးပွားချမ်းသာကြွယ်ဝလာကြတာပါ။

“ပြည်တွင်းစစ်” မရှိရင် စစ်အုပ်စု မင်းမူနိုင်ဖို့ အခြေအနေ၊ အချက်အလက် မရှိနိုင်ပါ။ ဒါကြောင့် စစ်အုပ်စု အဆက်ဆက်က အာဏာနဲ့ဥစ္စာဓန လက်ဝယ်ထာဝရ မြဲမြံစေဖို့ကို “ပြည်တွင်းစစ်”နဲ့ ကာကွယ်ထိန်းသိမ်းထားပါတယ်။ ဒါမှသာ သူတို့ စစ်အုပ်စုသားစဉ်မြေးဆက် အာဏာတည်တံ့ခိုင်မြဲနိုင်ပါလိမ့်မယ်။ အလျှံပယ် ကြွယ်ဝ ချမ်းသာနိုင်ပါ လိမ့်မယ်။ ပြည်သူအပေါ် ထာဝစဉ်အုပ်စိုး မင်းမူနိုင်ပါလိမ့်မယ်။

ဒါကြောင့် “ပြည်တွင်းစစ်”ဟာ စစ်အုပ်စုအတွက် “အာဏာ၊ ဥစ္စာဓနနဲ့ အကျိုးစီးပွား” ကို ထာဝစဉ် ဖန်တီးပေး ရာ၊ ထိန်းသိမ်းကာကွယ်ပေးရာ၊ ကိုးကွယ်ဆည်းကပ်ရာ ဒုတိယဘုရား ဖြစ်လို့နေပါတယ်။

ပြည်တွင်းစစ်ကို ဘုရားလို ဆည်းကပ်ကိုးကွယ်နေကြတဲ့ စစ်အုပ်စုက ကြီးမှူးပြီး “လူငယ်ငြိမ်းချမ်းရေးဖိုရမ်” ပြုလုပ်တာဟာ “ငြိမ်းချမ်းရေးနှင့်နိုင်ငံတည်ဆောက်ရေး လူငယ်များပါဝင်မှုကိုမြှင့်တင်ပေး”လို့ ကြွေးကြော်နေတာဟာ လူငယ်ထုကို လှည့်စားသိမ်းသွင်းတာပါ။ လူငယ်ထုကို ဦးနှောက်ဆေးဖို့လုပ်တာပါ။ လူငယ်တွေအကြား သပ်လျှို သွေးခွဲရန်တိုက်ပေးတာပါ။ လူငယ်တွေကို ခုတုံးလုပ်အသုံးချဖို့ ချုပ်ကိုင်တာပါ။

“ပြည်တွင်းငြိမ်းချမ်းရေး”ကို နည်းမှန်လမ်းမှန်နဲ့ သွေးရိုးသားရိုး လိုလားသူဟာ ပြည်တွင်းစစ် ရပ်စဲရေးကို လေးနက်တည်ကြည်စွာ ပထမဦးစွာ ပြောရပါလိမ့်မယ်။

မရပ်ဘဲ ဆက်တိုက်ပြောရမယ့် ဒုတိယစကားက “စစ် ၃စစ်” ကို အကုန်အစင် ဖျက်သိမ်းရေးလုပ်ငန်းစဉ် ပါဝင် ရမယ်။ ဒီလိုမှ မဟုတ်ရင် ပြည်တွင်းစစ်ကို ဘယ်နည်းနဲ့မှ ရပ်စဲနိုင်မှာ မဟုတ်ပါ။

နောက်ထပ် မရပ်ဘဲ ဆက်ပြောရမယ့် တတိယစကားက “တပ်မတော်ကို စနစ်တကျ ပြုပြင်ပြောင်းလဲရေး” ဆိုတဲ့ ခိုင်မာတိကျတဲ့ လုပ်ငန်းစဉ်ပါရှိရေး ဖြစ်ပါတယ်။

ဒီအချက်တွေ၊ ဒီလုပ်ငန်းစဉ်တွေ ကျကျနနပါရှိမှသာ ရေရှည်တည်တံ့မယ့်ငြိမ်းချမ်းရေး – စစ်မှန်တဲ့ ပါတီစုံ ဒီမို ကရေစီစနစ်ကို တည့်မတ်ဖြောင့်တန်းစွာ ဦးတည်နိုင်ပါလိမ့်မယ်။

ဒီလိုလုပ်ငန်းစဉ်တွေမပါရင်တော့ အဲဒီ“ငြိမ်းချမ်းရေး” ဟာ “တစ်နပ်စားငြိမ်းချမ်းရေး” သို့မဟုတ် “တစ်ပွဲထိုး ငြိမ်းချမ်းရေး”၊ “အမည်ခံငြိမ်းချမ်းရေး”တွေပဲ ဖြစ်နေပါလိမ့်မယ်။

ကျနော်တို့လူငယ်တွေဟာ ဘယ်လိုငြိမ်းချမ်းရေးနဲ့ ဘယ်လိုပါတီစုံဒီမိုကရေစီစနစ်ကို လိုလားပါသလဲ။ ဒီမေး ခွန်းရဲ့ လက်တွေ့ဖြေဆိုချက်က လူငယ်တွေကိုယ်တိုင် ဖန်တီးကြရမယ့် အနာဂတ်ပါပဲ။