Home တွေ့ဆုံမေးမြန်းခန်း နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် “

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် “

699

နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ် ”

ကော်သူးလေနိုင်ငံ ကြေညာခြင်းအပေါ် တရားလွှတ်တော်ရှေ့ စောဘဦးလေနှင့် မေးမြန်းခြင်း

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကော်သူးလေအာမီ-KTLA ခေါင်းဆောင် စောနယ်ဒါးမြက ကော်သူးလေသမ္မတနိုင်ငံကို တည်ထောင်ကြောင်း ပြီးခဲ့သည့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။

အစိုးရစုဖွဲ့မှုနှင့်အတူ ကော်သူးလေသမ္မတနိုင်ငံကို ဒီမိုကရေစီအုပ်ချုပ်မှုအပေါ် အခြေခံတည်ထောင်သည်ဟု ကော်သူးလေအစိုးရက ဆိုသည်။

ဥပဒေကြောင်းအရ နိုင်ငံတစ်နိုင်ငံထူထောင်မှုတွင်ရှိရမည့် အင်္ဂါရပ်စံနှုန်းများနှင့် သက်ရောက်မှုများအကြောင်း ကို တရားလွှတ်တော်ရှေ့နေ စောဘဦးလေးအား ကေအိုင်စီ-ကရင်သတင်းဌာနက တွေ့ဆုံမေးမြန်းထားသည်။

မေး။ ။ KTLA ခေါင်းဆောင်က ကော်သူးလေနိုင်ငံ တည်ထောင်ကြောင်း ကြေညာခြင်းအပေါ် ဥပဒေ ရှုထောင့်အရ ဘယ်လို မြင်သလဲ။
ဖြေ။ ။ လွတ်လပ်ပြီး အချုပ်အခြာအာဏာပိုင်ဆိုတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ်နဲ့ ကြေညာဖို့ဆိုတာက ဥပဒေ ကြောင်း အရရော နိုင်ငံရေးသိပ္ပံဘာသာရပ်မှာရော ဘယ်လိုပြဌာန်းထားသလဲဆိုရင် နံပတ်တစ် အချက်က နယ်မြေအခြေအနေ ကိုယ့်ရဲ့တိကျတဲ့ နယ်နိမိတ်သတ်မှတ်မှုတွေ ရှိရမယ်။ ဒီနယ်မြေပေါ်မှာ သက်ဆိုင်ရာ လူဦးရေကိန်းဂဏန်း Population ဆိုတာ ရှိရတယ်။ ပြီးတော့ အဲဒီနယ်မြေနဲ့ လူဦးရေကို အုပ်ချုပ်တဲ့ အစိုးရတစ်ရပ်ဆိုတာ ရှိရပါတယ်။

နောက်ဆုံးတစ်ခုအနေနဲ့ အဲဒီအစိုးရက တခြားနိုင်ငံခြားဆက်ဆံမှု Foreign Relationship ဆိုတာ ရှိရပါတယ်။ ဒါပေမယ့် ဒီကနေ့ KTLA က ဒါကိုကြေညာလိုက်တဲ့အပေါ်မှာ ထိုကြေညာတဲ့အဖွဲ့အစည်းသည် ကျနော်ရှေ့မှာ ပြောခဲ့တဲ့ အင်္ဂါရပ် (၄) ပါးနဲ့ပြည့်စုံပြီလားဆိုတာတော့ ကိုယ့်ကိုယ်ကို ပြန်မေးပြီးတော့ သုံးသပ်ဖို့ လိုပါလိမ့်မယ်လို့ ကျနော့်အနေနဲ့ ပထမဦးဆုံး မှတ်ချက်ပေးချင်ပါတယ်။

မေး။ ။ နိုင်ငံတကာက ပြဌာန်းထားတဲ့ ဥပဒေအရ နိုင်ငံတစ်နိုင်ငံ တည်ထောင်တော့မယ်ဆိုရင် ဘယ်လို အင်္ဂါရပ်၊ စံနှုန်းတွေ ရှိရမလဲ။
ဖြေ။ ။ ဒီကနေ့ ကျနော်တို့ UN ချာတာနဲ့ International Law မှာ ပြဌာန်းထားတဲ့ ပြဌာန်းချက်အရဆိုရင် ကျနော် တို့က ဆိုဗီယက်ယူနီယံ ပြိုကွဲပြီးနောက်ပိုင်း ဒုတိယကမ္ဘာစစ်နဲ့ စစ်အရေးအခင်းကာလအလွန်တွေမှာ နိုင်ငံကြီး တွေဆီကနေ နိုင်ငံငယ်လေးတွေ ခွဲထွက်ဖို့ဆိုတာ ဘယ်လိုမှ အခြေအနေမပေးတော့ပါဘူး။ ဒါက ဘာလဲဆိုတော့ အဲဒီလို နိုင်ငံကြီးကနေ နိုင်ငံငယ်လေးတွေ ခွဲထွက်သွားတဲ့အခါကျရင် ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးတွေကို ထိခိုက်လာတဲ့ဖြစ်စဥ်တွေက အနည်းနဲ့အများရှိတဲ့အတွက်ကြောင့် UN ချာတာကနေ တင်းတင်းကြပ်ကြပ်ကို ပိတ်ပင်ထားတဲ့အချက်အလက် ဖြစ်ပါတယ်။

ဒီနေရာမှာ သတိထားစေချင်တာက ကျနော်တို့တွေဟာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သလိုကမ္ဘာ့မိသားစုဝင်တွေ ဖြစ်တယ်ဆိုတာကို သတိထားဖို့ လိုပါတယ်။ ဒါကြောင့်မို့လို့ ကမ္ဘာ့မိသားစုဝင်တွေဖြစ်တဲ့အခါမှာ UN ကနေပြီးတော့ ခွင့်မပြုထားတဲ့ကိစ္စ အသိအမှတ်မပြုထားတဲ့ကိစ္စ သီးခြားနိုင်ငံတော်အဖြစ်နဲ့ ကြေညာ တာကတော့ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင် ဒါနိုင်ငံရေးသူငယ်နာမစင်ဘူးလို့ပဲ ပြောပါမယ်။

မေး။ ။ အခုလို ကော်သူးလေ နိုင်ငံထူထောင်ကြောင်း ကြေညာလိုက်တဲ့အတွက် ကရင့်နိုင်ငံရေး ရည်မှန်းချက်အပေါ် ဘယ်လို သက်ရောက်လာနိုင်လဲ။
ဖြေ။ ။ ကော်သူးလေနိုင်ငံလို့ပြောတဲ့အခါမှာ ကော်သူးလေနိုင်ငံဆိုတာက အခုချိန်ကျမှ ကျနော်တို့ စိတ်ကူး ယဥ်ဇာတ်လမ်းအနေနဲ့ ပေါ်ပေါက်ခဲ့တာမဟုတ်ပါဘူး။ ကော်သူးလေနိုင်ငံ ကော်သူလေပြည်ဆိုတာက ၁၉၄၀ ခုနှစ် ဇွန်လကတည်းက ကျနော်တို့ ဖွဲ့စည်းတည်ထောင်ခဲ့ပြီ ဖြစ်ပါတယ်။ သို့သော် ဒီနေရာမှာ တစ်ခုသတိထားရမှာက မြန်မာနိုင်ငံ လွတ်လပ်‌ရေးယူတော့မယ်လို့ ကျ‌‌နော်တို့ အင်္ဂလန်မှာ စကားပြောဆိုနေတဲ့ အချိန်တုန်းက ကျနော်တို့ ခေါင်းဆောင်စောဘဦးကြီးနဲ့ ဗမာခေါင်း‌ဆောင်သခင်အောင်ဆန်းတို့ကြားက နှုတ်ကတိတွေကို ကျနော်တို့ပြန်သတိရဖို့ လိုပါတယ်။

ဒီနေရာမှာ သခင်အောင်ဆန်းက ကျနော်တို့ခေါင်းဆောင် စောဘဦးကြီးကို ပြောတဲ့စကားတခွန်းကို ကျနော် မှတ်မှတ်ရရ ပြောပါမယ်။ အဲဒါကဘာလဲဆိုတော့ စောဘဦးကြီးတဲ့ မင်းကရင်တိုင်းရင်းသားတွေက မြန်မာ နိုင်ငံ‌မြောက်ပိုင်းကနေတောင်ပိုင်း ကော့‌သောင်းကျွန်းအထိရှိနေတဲ့အတွက်ကြောင့် ကော်သူးလေပြည်လို့ပြောတဲ့ မင်းနိုင်ငံကို မင်းဧရိယာစကုပ် ဘယ်လိုချုပ်မလဲလို့ ပြောတဲ့အခါမှာ ကျနော်တို့ခေါင်းဆောင် နည်းနည်း တွေဝေသွားပါတယ်။

ဒါကြောင့်မို့လို့ နောက်ပိုင်းကာလတွေမှာဆိုရင် ကျနော်တို့ကရင်တိုင်းရင်းသားတွေအနေနဲ့ ကော်သူးလေ သီးခြားတိုင်းပြည်တည်ထောင်မယ့်အစား ဒီမြန်မာနိုင်ငံအတွင်းမှာ ဘယ်လိုအဆင်ပြေပြေနဲ့ ပေါင်းစည်းညီညွတ်စွာ နေထိုင်မလဲဆိုတဲ့ အတွေးအခေါ် မရရှိခဲ့တဲ့အတွက်ကြောင့် ခေါင်းဆောင်ကြီးကိုယ်တိုင် ခွဲထွက်ခြင်းမရှိတော့ဘဲနဲ့ အဓိက ကိုယ့်ကြမ္မာကို ဖန်တီးပိုင်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်ကိုပဲ ဦးစားပေးတဲ့ ကရင်ပြည်နယ်တစ်ခုအဖြစ်နဲ့သာ ရပ်တည်ခဲ့ပါတယ်။

ဒီနေရာမှာ ကရင်ပြည်နယ်လို့ပြောရင် ကျနော်တို့က ဥပဒေအကြောင်းအရရော နိုင်ငံရေးအကြောင်းအရရော တော်တော်လေး စကုပ်ကျဥ်းတာပေါ့နော်။ ဒါကြောင့်မို့လို့ ကျယ်ပြန့်တဲ့ကော်သူးလေဆိုတဲ့ အမည်နာမ ကော်သူးလေဆိုတဲ့စကုပ်ကို ထုတ်တာပါ။ ထပ်ပြောရရင် ကရင်သည် ကျနော်တို့ကရင်လူမျိုး National Name တစ်ခုတည်းကိုသာ ဦးတည်ပြီးသွားပါတယ်။ ကော်သူးလေစကုပ်သည် ပိုပြီးကျယ်ပြန့်တဲ့အတွက်ကြောင့်ဒီကော်သူးလေဧရိယာထဲမှာ ဗမာ၊ ပအိုဝ်း၊ မွန် တွေ ရှိမယ်။ ကျ‌နော်တို့ ကရင်တွေလည်း ရှိမယ်ဆို တဲ့အတွက်ကြောင့် ဒီကျယ်ပြန့်တဲ့စကုပ်ကို ကျနော်တို့ Outline အနေနဲ့ ချထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ကော်သူးလေပြည်ဆိုတာက အခုချိန်ကျမှ စိတ်ကူးယဥ်ပြီး ပေါ်ပေါက်လာတ မဟုတ်ပါဘူး။ သို့သော် ဒီကနေ့ နယ်ဒါးမြက ဖအေထက် သားတစ်လကြီးပြီးတော့ နိုင်ငံရေးအရ လက်ဦးမှုရယူတဲ့ အနေအထားဖြစ်ပါတယ်။

မေး။ ။ ကော်သူးလေနိုင်ငံတည်ထောင်ကြောင်း ကြေညာခြင်းက ကရင့်ဂုဏ်သိက္ခာကို ကျဆင်းအောင်လုပ်တာဖြစ်တယ်လို့ ထောက်ပြမှုအပေါ် ဘယ်လို ရှုမြင်ပါသလဲ။
ဖြေ။ ။ ကျနော် ကရင်တိုင်းရင်းသားတယောက်အမြင်နဲ့ ပြောရရင် ကော်သူးလေဆိုတဲ့ဝေါဟာရ စကားရပ်ကို အလွဲသုံးစားလုပ်တာ ဖြစ်ပါတယ်။ ကျနော်တို့ နောင်တချိန်ချိန်မှာ နိုင်ငံအရ သွားတဲ့အခါကျရင် ဒီကော်သူးလေဆိုတဲ့ဝေါဟာရ ဥပ‌ဒေဘက် နိုင်ငံရေးဘက် အနက်ဖွင့်ဆိုချက်တွေရော အများကြီးလိုပါသေးတယ်။

ဒါတွေကိုတောင် မသိသေးဘဲနဲ့ မတည်ဆောင်နိုင်သေးဘဲနဲ့ အခုလို ကော်သူးလေဆိုတဲ့ ဝေါဟာရယူပြီး လုပ်ချင်ရာလုပ်သွားတာကတော့ နယ်ဒါးမြအနေနဲ့က ကျနော်တို့ ကရင်မျိုးနွယ်စုတွေအားလုံးရဲ့ မျက်နှာကို အိုးမဲသုတ်လိုက်တဲ့ အနေအထားမျိုး အလွဲသုံးစားလုပ်တဲ့ အနေအထားမျိုးလို့ပဲ ပြောရမှာပေါ့။

မေး။ ။ ကော်သူးလေနိုင်ငံတည်ထောင်ခြင်းက လက်ရှိအခင်းအကျဉ်းအရ နိုင်ငံတကာက အသိအမှတ်ပြုခံရနိုင်မယ်လို့ သုံးသပ်နိုင်မလား။
ဖြေ။ ။ နိုင်ငံတကာက အသိအမှတ်ပြုနိုင်လားဆိုတဲ့ အနေအထားကို သုံးသပ်မယ်ဆိုရင် ဒီကနေ့ကော်သူးလေ သမ္မတနိုင်ငံတော်အဖြစ် နယ်ဒါးမြ ကြေညာလိုက်တဲ့အပေါ် အများဆုံးရေးတာကတော့ ထိုင်းမီဒီယာတွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီထိုင်း မီဒီယာတွေမှာ ရေးထားတဲ့ ရေးသားချက်တွေကို စေ့စေ့စပ်စပ် ဖတ်ကြည့် မယ်ဆိုရင် အကောင်းဘက်ရေးသားတာမဟုတ်ဘဲနဲ့ ကော်သူးလေသမ္မတနိုင်ငံတော် ထူထောင်ရေး ကြေညာချက်အပေါ်မှာ လှောင်ပြောင်ပြီး ရေးထားတဲ့ ရေးသားချက်ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဒီကနေ့ နယ်ဒါးမြရဲ့ ကော်သူးလေနိုင်ငံအဖြစ် ကြေညာခြင်းက နေလာရင် နှင်းပျောက်တဲ့ အခြေအနေမျိုး၊ အချိန်တန်ရင် သမိုင်းမှာ ကမ္ဗည်းမတင်နိုင်တဲ့ သာမန်ဖြစ်စဥ်သာ ဖြစ်တယ်လို့ ကျနော့်အနေနဲ့ ဒီလိုပဲ သုံးသပ်ချင်ပါတယ်။