ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအန်ယူ – ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၁)/ ဒူးသထူခရိုင်၊ ဒေါက်ရပ်ကျေးရွာအုပ်စု၊ တက်တူကုန်းရွာအနီးရှိ ယာယီဂိတ်စခန်းတစ်ခု၌ လာရောက်တပ်စွဲသည့် စစ်အုပ်စုတပ်ဖွဲ့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က နှစ်ရက်ဆက်တိုက် တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု တပ်ဖွဲ့ဝင် (၁၈) ဦး သေဆုံးပြီး ဂိတ်စခန်းကို ပြန်သိမ်းနိုင်ခဲ့ကြောင်း ကရင် စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၁၀) ရက်နေ့ နံနက်ပိုင်းက တက်တူကုန်းရွာသို့ ရောက်လာသော စစ်အုပ်စုနှင့် KNLA တပ်ဖွဲ့ဝင်များ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး KNLA က ထိုယာယီဂိတ်စခန်းနေရာမှ ခေတ္တဆုတ်ခွာသွားခြင်းဖြစ်သည်။
ထို့နောက် ဇန်နဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းအထိ ထိုဂိတ်နေရာ၌ ဝင်ရောက်တပ်စွဲ နေရာယူထားသည့် စစ်အုပ်စုတပ်ဖွဲ့ကို KNLA က ပိတ်ဆို့တိုက်ခိုက်ခဲ့ပြီး ဂိတ်စခန်းကို ပြန်လည်သိမ်းယူနိုင်ခြင်းဖြစ်သည်ဟု တိုက်ပွဲတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ KNLA တပ်ရင်း (၂)မှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ဒီဂိတ်က ဂိတ်အကြီးကြီးတော့ မဟုတ်ဘူး။ သူတို့ (စစ်အုပ်စု) ဝင်ထိုင်နေတဲ့အချိန်မှာ ကျနော်တို့က နေ့တိုင်းသွားပစ်တော့ သူတို့ ဒဏ်ရာရတာတွေ များလာတယ်။ ပထမတစ်ရက်မှာ ၁၅ ယောက်သေပြီး၊ နောက်တစ်ရက်မှာ ၃ ယောက် ထပ်သေတယ်။ နောက်တော့ ဆက်မတောင့်ခံနိုင်တော့ဘဲ ထွက်ပြေးသွားကြတာပဲ” ဟု ထိုတပ်ဖွဲ့ဝင်က ပြောသည်။
တိုက်ပွဲအတွင်း KNLA ဘက်က တပ်ဖွဲ့ဝင် (၂) ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို အထိနာသွားသည့် စစ်အုပ်စုက ရွှေရောင်ပြကျေးရွာအုပ်စု အနောက်ဘက်တွင် တပ်စွဲထားသည့် ၎င်းတို့ အမြှောက်တပ် အမတ (၃၁၄) သို့ သွားရောက်ပူးပေါင်းခဲ့ကြောင်းလည်း တပ်မဟာ (၁) KNLA ဘက်က အတည်ပြုပေးသည်။
ဒေါက်ရပ်ရွာခံတစ်ဦးက “တက်တူကုန်းထဲ စစ်ကြောင်းဝင်လာတဲ့ရက်ကတော့ နှစ်ဖက် သူပစ်ကိုယ် ပစ်ပဲ။ စကစဘက်က လက်နက်ကြီးလည်းပစ်၊ တိုက်ပွဲလည်း ဖြစ်နေတော့ ဒေသခံတွေ ထွက်ပြေးကြတယ်။ (၁၀) ရက်နေ့နဲ့ (၁၁) ရက်နေ့အထိ လက်နက်ကြီးပစ်တာ အလုံး ၆၀၊ ၇၀ လောက် ရှိမလား မသိဘူး။ ဒီအတောအတွင်းတောင် တချို့အိမ် မပြန်ရဲသေးဘူး” ဟု ပြောသည်။
အင်အား ၁၀၀ ဝန်းကျင်ပါ အဆိုပါ စစ်အုပ်စုတပ်ဖွဲ့သည် သိမ်ဇရပ်မြို့ အခြေစိုက် တပ်ဖွဲ့ ဝင်များဖြစ်သည်။ ပြီးခဲ့သည့် ဇန်နဝါရီ (၁၁) ရက်နေ့က ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် လုံခြုံရေးယူပေးရန် ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ဒေသသတင်းအရင်းအမြစ်တချို့က ဖော်ပြသည်။
လက်ရှိတွင် ဒေါက်ရပ်ကျေးရွာအုပ်စု၊ ကဒီပုကျေးရွာအုပ်စုများဘက်သို့ စစ်အုပ်စု၏ လက်နက်ကြီး အန္တရာယ် ရှိနေဆဲကြောင့် တက်တူကုန်းရွာအပါအဝင် ခဲမောက်၊ ကြက်ခြေခတ် စသည့် ကျေးရွာနေထိုင်သူတချို့သည် ယခုအချိန်ထိ နေအိမ် မပြန်ရဲသေးဟု ရွာခံများက ပြောသည်။



















