Home သတင်း ထိုင်းနိုင်ငံ၏ ဥပဒေစည်းမျဥ်းများကို လိုက်နာရန် ထိုင်းရောက်မြန်မာများအား NUG တိုက်တွန်း

ထိုင်းနိုင်ငံ၏ ဥပဒေစည်းမျဥ်းများကို လိုက်နာရန် ထိုင်းရောက်မြန်မာများအား NUG တိုက်တွန်း

418
Photo Credit: Social Media

ဇန်နဝါရီလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ၏ ဥပဒေနှင့် ဒေသန္တရယဉ်ကျေးမှု ဓလေ့ထုံးတမ်းများအပါအဝင် လေးစားလိုက်နာရန် အပါအဝင် အချက် (၄) ချက်ဖြင့် ထိုင်းရောက် မြန်မာနိုင်ငံသားများအား အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ရက်စွဲဖြင့် ထုတ်ပြန်တိုက်တွန်းသည်။

ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံသားများအနေဖြင့် တိုင်းပြည်အခြေ အနေအရပ်ရပ်ကြောင့် မလွဲသာ မရှောင်သာ အိမ်နီးချင်းနိုင်ငံတွင် ယာယီခိုလှုံနေထိုင်ကြစဉ် နိုင်ငံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များတွင် မပါဝင်ကြရန်၊ တရားဥပဒေနှင့်မညီသည့် လုပ်ရပ်များကို ရှောင်ရှားရန်နှင့် လူမှုအသိုင်း အဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်ကြရန် တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ရက်နေ့က ထိုင်းနိုင်ငံ စမွန်ပရာကန်ခရိုင်၊ The One စားသောက်ဆိုင်ရှေ့၌ ပါဆယ်ပို့ဆောင်နေသည့် ထိုင်းနိုင်ငံသားနှင့် မြန်မာနိုင်ငံ သားတစ်ဦးတို့အကြား ထိုးကြိတ်၊ ရိုက်နှက်မှုဖြစ်စဉ်ကြောင့် မြေပြင် အခြေအနေတင်းမာမှုများဖြစ်ပွားခဲ့ပြီးနောက် NUG အနေဖြင့် စာထုတ်ပြန်ကာ ယခုလို တိုက်တွန်းပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

၎င်းအပြင် လက်ရှိယာယီခိုလှုံနေရသည့် ကာလအတွင်း ထိုင်းလူမှုအသိုင်းအဝိုင်း၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတို့ကို လေးစားလိုက်နာပြီး သဟဇာတဖြစ်စွာနေထိုင်နိုင်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားလျက် ဆက်လက်၍ ကူညီစောင့် ရှောက်ပေးပါရန်လည်း NUG အစိုးရအနေဖြင့် မေတ္တာရပ်ခံထားသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံသား အများအပြား ဝင်ရောက်နေထိုင်သည့် အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံသား ၄ သန်းကျော်အထိ ရှိနိုင်ကြောင်း International Organization for Migration (IOM) Thailand ၏ ၂၀၂၄ ခုနှစ်တွင် ထုတ်ပြန်ထားချက်အရ သိရသည်။