ဇန်နဝါရီလ၊ (၁၅)ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ စမွန်စခွန်ပြည်နယ်တွင် ယနေ့ ဇန်နဝါရီလ ၁၅ရက်၊ နံနက် ၉ နာရီဝန်းကျင်အချိန် ဘန်ကောက်-စမွန်စခွန်လမ်းမကြီးရှိ ဆောက်လက်စတံတားပေါ်မှ ကရိန်းထပ်မံပြိုကျမှုဖြစ်ပွားပြီး လူထိခိုက်သေဆုံးမှုရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
နှစ်လမ်းမောင်းလမ်းပေါ် သွားလာနေသည့် ခရီးသည်မော်တော်ယာဥ်နှစ်စီးသို့ ကရိန်းပြိုကျခဲ့ခြင်းဖြစ်ပြီး လူ(၂)ဦး သေဆုံး၍ (၂)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိထားသည်ဟု သတင်းများတွင်ဆိုသည်။
ထိုင်းသတင်းဌာန The Reporter က ယာဥ်ပေါ်ကရိန်းပြိုကျမှုအတွင်း လူနှစ်ဦးပိမိနေသည်ဟု ယနေ့နံနက်ပိုင်းက သတင်းဖော်ပြသည်။ ဒဏ်ရာရထားသူများကို စမွန်စခွန်ရှိ မဟာချိုင်ဆေးရုံနှင့် နောက်ထပ်ဆေးရုံတစ်ရုံသို့ ပို့ဆောင်ဆေးကုသမှုပေးခဲ့ကြောင်း Khaosod သတင်းဌာနက ဖော်ပြသည်။
ဝန်သယ်ဆောင်ရန်ပြင်ဆင်နေစဉ် အောက်ခြေကျိုးသွားခြင်း (သို့မဟုတ်) မြေကျွံမှုကြောင့် ကရိန်းပြိုကျခြင်းဖြစ်နိုင်ပြီး ထိခိုက်သေဆုံးသူများတွင် ဆောက်လုပ်ရေးဝန်ထမ်းတချို့ပါဝင်နိုင်သည်ဟုလည်း ထိုင်းသတင်းဌာနများမှသိရသည်။
ကရိန်းပြိုကျမှုဖြစ်စဥ်ကြောင့် ထိုလမ်းကြောင်းပေါ်သွားလာသည့် ပြည်သူများ လမ်းကြောင်းရှောင်သွားရန်၊ သတိထားရန် ထိုင်းနိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနမှ ဒေသနေထိုင်သူများထံ ဖုန်းမှတဆင့် အသိပေးမက်ဆေ့စာတိုများ ပို့ထားသည်ဟု ဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းကလည်း ထိုင်းနိုင်ငံ၊ နခွန်ရတ်စီးမားခရိုင် စီခီအို၌ ဘန်ကောက်-အူဘူရတ်ချတ်ဌာနီ သို့ပြေးဆွဲသည့် အမြန်ရထားပေါ် ကရိန်းပြိုကျမှုဖြစ်စဥ်ဖြစ်ပွားခဲ့ပြီး ခရီးသည် ၂၂ ဦးသေဆုံး၍ ၅၀ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။




















