ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ နခွန်ရတ်စီးမားခရိုင်၊ စီခီအို(Sikhio)ရှိ ဘန်ကောက်-အူဘွန်ရတ်ချတ်ဌာနီ အမြန်ရ ထားလမ်းပေါ်ဖြတ်သန်းသွားလာမည့် အမှတ်(၂၁) အထူးအမြန်ရထားပေါ်သို့ ယနေ့(ဇန်နဝါရီ ၁၄ရက်) နံနက်ပိုင်းက လုပ်ငန်းသုံးကရိန်းပြုတ်ကျသဖြင့် ရထားပေါ်ပါခရီးသည် ၂၂ ဦးသေဆုံးပြီး ၅၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ထိုင်းသတင်းများက ဖော်ပြသည်။
ရထားဝန်ထမ်းများအပါအဝင် ခရီးသည်စုစုပေါင်း ၁၉၅ ဦး စီးနင်းလိုက်ပါသည့် အဆိုပါရထားပေါ် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကရိန်းပြုတ်ကျသွားခြင်းဖြစ်ပြီး ရထားတွဲ(၃)တွဲပျက်စီးမီးလောင်ကာ သေဆုံးသူ ၂၂ ဦးသေဆုံးခဲ့ကြောင်း ထိုင်းရတ်(Thairath) သတင်းဌာနက ရေးသားထားသည်။ ထို့အပြင် ၅၀ ဦးထက်မနည်း ဒဏ်ရာရရှိထားသည်ဟုလည်း ထိုင်း PBS တွင် ရေးသားဖော်ပြသည်။
ဖြစ်စဥ်ဖြစ်ပွားရာနေရာသို့ ထိုင်းနိုင်ငံ၏ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာန တာဝန်ရှိသူများ၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ ရောက်ရှိခဲ့ပြီး ဒဏ်ရာရသူများအတွက် အရေးပေါ်ကူညီကယ်ဆယ်ရေးနှင့် စုံစမ်းစစ်ဆေးရေးအတွက် ကော်မတီစုဖွဲ့ လုပ်ဆောင်နေသည်ဟု သတင်းတွင် ဖော်ပြသည်။
ထိခိုက်သေဆုံးသူများ၏အချက်အလက်များကို တာဝန်ရှိသူများကအတည်ပြုနေဆဲဖြစ်ပြီး ထိုင်းအစိုးရဘက်ကလည်း တရားဝင်မထုတ်ပြန်သေးသောကြောင့် မြန်မာနိုင်ငံသားမည်မျှ ပါဝင်ပြီး ထိုင်းနိုင်ငံသားမည်မျှပါဝင်ကြောင်း အသေးစိတ်မသိရှိရပေ။
ဖြစ်စဥ်ကြောင့် ရထားလမ်းပိတ်ဆို့မှုနှင့် ခရီးစဥ်နောက်ကျမှုများဖြစ်ပေါ်ခဲ့သလို လူသေဆုံးမှုများခဲ့သည့် ရထားပေါ်ကရိန်းပိကျမှုဖြစ်စဥ်အကြောင်း နိုင်ငံတကာသတင်းများကပါ ဖော်ပြကြသည်။




















