ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စစ်အုပ်စု၏အတင်းအကြပ် စစ်မှုထမ်းစုဆောင်းခြင်းခံရသူ တပ်ဖွဲ့ဝင် နှစ်ဦးသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖားအံခရိုင်၊ တပ်မဟာ(၇)ထံသို့ ဇန်နဝါရီလ(၁၂)ရက်နေ့တွင် လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူက ဇန်နဝါရီ(၁၄)ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်အုပ်စု၏ ခြေမြန်တပ်ရင်း ခမရ-၅၄၈ တပ်ဖွဲ့မှ ထွက်ပြေးလွတ်မြောက်လာသည့် အသက်(၂၅)နှစ်အရွယ် စည်သူဟိန်းဆိုသူနှင့် (၂၄)နှစ်အရွယ် မောင်မောင်စိုး တို့နှစ်ဦးသည် လက်နက်များနှင့်တကွခိုလှုံလာသည့်အတွက် ကေအဲန်ယူ တပ်မဟာ(၇)မှ တစ်ဦးလျှင် ငွေကျပ် သိန်း(၂၀)စီ ပေးအပ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင်ဆိုသည်။
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီမှ စတင်အသက်ဝင်လာသည့် ပြည်သူ့စစ်မှုထမ်းစနစ်အရ တိုင်းနှင့်ပြည်နယ်အနှံ့ စစ်အုပ်စုက စစ်မှုထမ်းသင်တန်းခေါ်ယူပြုလုပ်လျက်ရှိရာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာတွင် အပတ်စဥ်(၂၀)အထိဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
အိမ်ထောင်စုစာရင်းများစစ်ဆေးခြင်းဖြင့် အသက်ပြည့်မီသူများကို စစ်မှုထမ်းခိုင်းခြင်းရှိသကဲ့သို့ မဲနှိုက်ရွေးချယ်သည့်စနစ်ကိုလည်း စစ်အုပ်စုကကျင့်သုံးခဲ့သည်။ ထို့အပြင် နေအိမ်များ၊ အများပြည်သူပိုင်နေရာများမှ ဖမ်းဆီးခေါ်ဆောင်သည့်နည်းလမ်းအသုံးပြု၍လည်း အတင်းအကြပ် စစ်မှုထမ်းတပ်သားစုဆောင်းခဲ့ကြောင်း ဒေသအလိုက်လွတ်လပ်သည့် သတင်းမီဒီယာများက ဖော်ပြသည်။
စစ်မှုထမ်းအပတ်စဥ်တစ်ခုလျှင် လူဦးရေ(၅,၀၀၀) ခေါ်ယူမည်ဖြစ်ကြောင်း အများပြည်သူအသိသတ်မှတ်ထားရာ ယခုနောက်ဆုံးအပတ်စဥ်အထိဆိုလျှင် သင်တန်းသားစုစုပေါင်းတစ်သိန်းအထိ တပ်သားစုဆောင်းပြီးဟု ဆိုနိုင်သည်။
ပြီးခဲ့သည့်နှစ်အတွင်း စစ်မှုထမ်း အတင်းအကြပ်ခိုင်းစေခံရသူများ ကေအဲန်ယူ ထံဘက်ပြောင်းခိုလှုံမှုအများအပြားရှိခဲ့ပြီး ကေအဲန်ယူကလည်း နီးစပ်ရာတပ်ရင်းများသို့ ရရာနည်းလမ်းဖြင့်ဘက်ပြောင်းခိုလှုံကြရန် ဆက်တိုက်ဖိတ်ခေါ်နေသည်။



















