Home သတင်း ခလယ်လွီထူခရိုင်အတွင်း စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

ခလယ်လွီထူခရိုင်အတွင်း စစ်အုပ်စု လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုကြောင့် ဒေသခံများ ထပ်မံ တိမ်းရှောင်ရ

470
Photo: CJ

ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၃)/ ခလယ်လွီထူးခရိုင်၊ မူးမြို့နယ်၊ ပဲနွယ်ကုန်းမြို့ အနီးအနား ရွာတချို့ကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် စစ်အုပ်စုက လေကြောင်းနှင့် လက်နက်ကြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ဒေသခံများ ထပ်မံစစ်ရှောင်နေကြရကြောင်း သိရသည်။

မြို့နှင့် တစ်မိုင်ခန့်သာကွာဝေးသည့် ရန်ကုန်-မန္တလေးလမ်းဟောင်းအနီး ကြိမ်ခါးကုန်းကျေးရွာသို့ ဝင်လာသည့် စစ်အုပ်စုတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်အုပ်စုတပ်ဘက်က ပစ်ခတ်မှုအပြင် ရွာမီးရှို့မှုလည်း လုပ်ဆောင်ခဲ့သည်ဟု ပဲနွယ်ကုန်း သတင်းအရင်းအမြစ်များက ပြောသည်။

နှစ်ရက်ဆက်တိုက် ကြိမ်ခါးကုန်းနှင့် အနီးတဝိုက်ရွာများသို့ လေကြောင်း (၄) ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးသံများလည်း ကြားရကြောင်း ပဲနွယ်ကုန်းအနီး နေထိုင်သူ စစ်ရှောင်အမျိုးသားတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

“ပဲနွယ်ကုန်းခြာလည်ပတ်လည် မနေ့က လေယာဉ် လေးငါးကြိမ် လာကြဲတယ်။ ညတုန်းကလည်း အသံကြား သေးတယ်။ မီးခိုးတွေလည်း မြင်ရတာတော့ တချို့ပြောတာ ရွာကို မီးရှို့နေတာတဲ့။ ကျနော့်နေရာကနေ လေယာဉ်ချတဲ့ အသံရော၊ လက်နက်ကြီး အသံရော ကြားတယ်။ ပြီးတော့ ညဘက် ပစ်ချချိန် မီးရောင် တန်းခနဲတောင် မြင်နေရတယ်။” ဟု ၎င်းက ပြောသည်။

လတ်တလော သတင်းရေးသားချိန်အထိ ဖော်ပြပါ ကျေးရွာတဝိုက်တွင် စစ်အုပ်စုတပ် စစ်ကြောင်း တပ်စွဲထားဆဲဖြစ်သည်။ ထို့အပြင် စစ်အုပ်စုတပ် ပစ်ခတ်မှုနှင့် မီးရှို့မှုများကြောင့် ဒေသခံအများအပြား စစ်ရှောင်နေရသော်လည်း ထိခိုက်ပျက်စီးမှု အသေးစိတ်ကိုမူ ကေအိုင်စီအနေဖြင့် ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

ဇန်နဝါရီလ (၁၂) ရက်နေ့က တိုက်ပွဲအတွင်း စစ်အုပ်စုဘက်မှ အရာရှိတစ်ဦးအပါအဝင် (၂၀) ဦး သေဆုံးပြီး ထိခိုက်ရာရမှုနှင့်အတူ ၎င်းတို့၏ လက်နက်၊ ခဲယမ်းနှင့် စစ်သုံးပစ္စည်းများကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်က သိမ်းပိုက်ရရှိခဲ့ကြောင်း ပဲခူးတိုင်းစစ်ဌာနက သတင်းထုတ်ပြန်သည်။

ထို့အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF အမှတ် (၃၇၀၂)၊ အမှတ် (၃၇၀၃) Fire Dragon တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း (P-29914) နှင့် တော်ဝင်ဒေါင်းတပ်ရင်း (P-29913) တို့ ပူးပေါင်းထားသည့်ဘက်မှ တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၉) ရက်နေ့ကလည်း ပဲခူးတိုင်း၊ တောကျွဲအင်းမြို့အပါအဝင် ရန်ကုန်-မန္တလေး လမ်းဟောင်းရှိ မြို့နယ်နှင့် ကျေးရွာအခြေစိုက် စစ်အုပ်စု တပ်စခန်း ၁၄ ခုကို တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် စစ်အုပ်စု အထိနာခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

တောကျွဲအင်း တိုက်ပွဲအတွင်း စစ်အုပ်စုမှ လေကြောင်း ပစ်ကူပေးခဲ့သောကြောင့် စစ်ရှောင်ရအခြေအနေနှင့် ဒေသခံ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်တို့က ဆိုသည်။