Home သတင်း ခလယ်လွီထူခရိုင်တွင် စစ်မှုထမ်းစုဆောင်းခံရသူ (၇) ဦး KNDO ထံခိုလှုံ

ခလယ်လွီထူခရိုင်တွင် စစ်မှုထမ်းစုဆောင်းခံရသူ (၇) ဦး KNDO ထံခိုလှုံ

461
Photo: KNU

ဇန်နဝါရီ (၂၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို(ကျောက်ကြီး)မြို့နယ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO တပ်ရင်း(၃) ထံသို့ စစ်အုပ်စုကစစ်မှုထမ်းရန်အတင်းအကြပ်ခိုင်း‌စေခံရသူ (၇) ဦး၊ ဇန်နဝါရီလ ၁၈ ရက်နေ့က ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူကထုတ်ပြန်သည်။

အသက်(၂၀)မှ(၄၀)ဝန်းကျင်ကြားရှိ သီဟဝင်း၊ ဆက်နိုင်၊ မြင့်တင်၊ အောင်ကို၊ တင်အောင်မိုး ၊ သိန်းဇော်ဝင်းနှင့် နေမျိုးဦးအမည်ရှိ စစ်သားစုဆောင်းခံရသူ(၇)ဦးမှာ တပ်မဟာ(၃)နယ်မြေအခြေချ စစ်အုပ်စုခြေလျှင်တပ်ရင်း ခလရ−၅၃ အထိုင် တုံးတံတားစခန်းတွင် တာဝန်ကျနေသောတပ်ဖွဲ့ဝင်များဖြစ်သည်။

၎င်းတို့ဆန္ဒမပါဘဲ စစ်အုပ်စုတပ်မှ အဓမ္မစစ်မှုထမ်းခိုင်းစေခံခဲ့ရ၍ အခြေစိုက်စခန်းမှထွက်ခွာလာပြီးနောက် KNDO တပ်ရင်း (၃)ထံသို့ လက်နက်ချခိုလှုံလာသည်ဟု ကေအဲန်ယူမှ ယနေ့(ဇန်နဝါရီ ၂၁ရက်နေ့)တွင် ဖော်ပြသည်။

ကေအဲန်ယူ၏စည်းမျဥ်းဥပဒေများအတိုင်း ဘက်ပြောင်းခိုလှုံလာသူများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားသလို အာဏာသိမ်းစစ်တပ်၏ မတရားစေခိုင်းမှုကြောင့် လက်နက်ကိုင်စစ်မှုထမ်းနေရသူများ ကေအဲန်ယူအပါအဝင် နီးစပ်ရာတော်လှန်ရေးတပ်ဖွဲ့များထံ ချိတ်ဆက်ခိုလှုံနိုင်ကြောင်းလည်း ဖိတ်ခေါ်ထားသည်။

ပြည်သူ့ပန်းတိုင်အဖွဲ့ကပြုစုထားသည့်စာရင်းအရ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ နိုင်ငံတစ်ဝန်းတွင် စစ်အုပ်စုထံမှတော်လှန်ရေးတပ်ဖွဲ့များသို့ ဘက်ပြောင်းသွားသူ၊ လက်နက်ချသူနှင့် ဖမ်းဆီးရမိသည့်စစ်သုံ့ပန်း စုစုပေါင်း ၂,၀၀၀ကျော် ရှိသည်။