Home သတင်း ကျုံဒိုး-ဂျိုင်းတံတားနယ်‌မြေ ဂိတ်ကြေးငွေ ကျပ်၁၅သိန်းအထိ ဈေးပေါက်

ကျုံဒိုး-ဂျိုင်းတံတားနယ်‌မြေ ဂိတ်ကြေးငွေ ကျပ်၁၅သိန်းအထိ ဈေးပေါက်

925
Photo: CJ

ဇန်နဝါရီ (၁၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုး-ဂျိုင်းတံတားနယ်မြေမှ ဖားအံ-မော်လမြိုင်ဘက်သွားလာရန် လမ်းတစ်လျှောက်လုံခြုံရေးယူထားသော စစ်အုပ်စုနှင့် BGF ပူးပေါင်းတပ်က ဂိတ်ကြေးကောက်ခံရာတွင် မြန်မာကျပ်ငွေ ၁၅ သိန်းအထိ‌ ပေါက်ဈေးရှိကြောင်း မော်တော်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။

ကျုံဒိုး-ချောင်းဖျားလမ်း၊ နွားခြံကုန်းရွာ၊ ကျားကလေးလမ်းဆုံနှင့် ကျုံဒိုးမြို့အဝင်အထွက်အပြင် ဂျိုင်းတံတားအလွန်နေရာများတွင် စစ်အုပ်စုပူးပေါင်းတပ်က ဂိတ်ချနေရာယူထားခြင်းဖြစ်ပြီး မြဝတီမှ ဖားအံ‌၊မော်လမြိုင်ဘက် အဆင်း၊အတက် ကုန်တင်ယာဉ်များကို ကျပ်ငွေ ၁ သိန်းမှ ၁၅ သိန်းအထိ တောင်းခံနေသည်ဟု ဆိုသည်။

“ချောင်းဖျားလမ်းဘက်ကနေ ကျုံဒိုးထဲဝင်မယ်ဆိုရင် ၇သိန်းခွဲကနေ ၁၀သိန်း ကျော်အထိပေးရတယ်။ ထိုင်းပစ္စည်း တန်ဖိုးကြီးတာတင်လာရင်‌တော့ ၁၂သိန်းက‌နေ ၁၅သိန်းအထိတောင်းတယ်။ ဒါကမြဝတီအဆင်းကားနော်။ ဖားအံ၊မော်လမြိုင်ကနေ မြဝတီဘက်အတက်ကားဆိုရင်တော့ ၁သိန်းကနေ ၅ သိန်းလောက်အထိတင်လာတဲ့ကုန်ပေါ် မူတည်တောင်းတယ်။” ဟု ကျုံဒိုးနေ ကုန်စည်ရောင်းဝယ်ရေးလုပ်နေသူက ပြောသည်။

ဂိတ်ကြေးများကို ကျုံဒိုးအခြေစိုက် BGFတပ်မှ ဗိုလ်မောင်ဝင်းအောင်ဆိုသူအဖွဲ့နှင့် စစ်အုပ်စု‌ခြေမြန်တပ်ရင်း ခမရ-၅၄၅/၅၄၆ မှ အရာရှိများက အဓိကတောင်းယူခြင်းဖြစ်ကြောင်း မြဝတီ-ဖားအံကုန်သွယ်သွားလာရေး အသိုင်းအဝိုင်းကြား နာမည်ထွက်နေသည်။

ထို့အပြင် အဆိုပါဂိတ်များကို ထိုင်းကုန်စည်တင်ဆောင်သွားလာပါက BGF တပ်ဖွဲ့ဝင်များထံ ကြိုတင်အကြောင်းကြားထားရသည်။ ၎င်းမှတစ်ဆင့် စစ်အုပ်စုသို့ဆက်သွယ်ကာ ဂိတ်ကြေးပေးဆောင်ပြီးမှ ဖြတ်သန်းခွင့်ရသည်ဟုလည်း ယာဉ်မောင်းများကဆိုသည်။

Photo: CJ

ဒေသတွင်းကုန်စည်နှင့်ခရီးသည်တင်မော်တော်ယာဉ်ငယ်များအတွက်မူ ကျုံဒိုးနယ်မြေဖြတ်သန်းခအဖြစ် ကျပ်ငွေ ၃ သောင်း မှ ၃သိန်းကျပ်အထိ အပြန်ရောအသွားပါ ကောက်ခံတောင်းယူသည်ဟု မြဝတီမှဖားအံ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “ထိုင်းပစ္စည်းတင်ပြီးဆင်းလာရင် ကား သေးပေမယ့်လည်း ၃သိန်းခွဲလောက် ပေးရတယ်။ ရိုးရိုး အိမ်စီးကားလူပဲတင်လာတဲ့ကားဆိုရင် ၃‌ သောင်းကနေ ၅ သောင်းတောင်းတယ်။ မြဝတီ၊‌ မော်လမြိုင်၊ဖားအံ၊ကျုံဒိုး၊ ကော့ကရိတ်ကြိုက်သလိုဖြတ် ဂိတ် ကြေးကတော့အဲ့ဒီလိုပေးပြီးမှ ဂျိုင်းတံတားကနေကျားက လေးအထိမောင်းလို့ရတယ်” ဟု ကေအိုင်စီကိုပြောသည်။

ပြီးခဲ့သည့်၂၀၂၅ခုနှစ် အောက်တိုဘာလက တော်လှန်ရေးတပ်ဖွဲ့များထိန်းချုပ်ထားသော ကျုံဒိုးနယ်မြေအား စစ်အုပ်စုနှင့်BGFတပ်ဖွဲ့တို့ ပြန်လည်ထိန်းချုပ်သွားပြီးနောက် မြဝတီ-ဖားအံကုန်သွယ်ရေး၊ ခရီးသွားလာရေးလမ်းကြောင်းကို အခွင့်အရေးယူကာ ဂိတ်ကြေးအများအပြား ကောက်ခံနေကြခြင်းဖြစ်သည်။

လက်ရှိတွင် ကျုံဒိုး-ကော့ကရိတ် ဒေသအတွင်း စစ်အုပ်စုပူးပေါင်းတပ်အပါအဝင် DKBAဗိုလ်ဘိတပ်ဖွဲ့များကလည်း ထိုင်း-မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို ထိန်းချုပ်ပြီး လမ်းကြေး၊ဂိတ်ကြေးကောက်ခံနေသည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

အခြားတောလမ်းများဖြစ်သည့် ထို့ကော်ကိုးလမ်း၊ ကြက်ဥတောင်လမ်းတို့တွင်လည်း ငြိမ်းချမ်းရေးကောင်စီ-PC တပ်ဖွဲ့များနှင့် ပြီးခဲ့သည့်အပတ်က ဘက်တံဆိပ်ပြောင်းထားသည့် KNA တပ်ဖွဲ့တို့က မြဝတီမြို့အဝင်ထိ ဂိတ်ကြေးဆက်လက်ကောက်ခံနေကြောင်း ခရီးသွားလာသူများထံမှသိရသည်။