Home တွေ့ဆုံမေးမြန်းခန်း KNU ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

KNU ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

703

“ နိုင်ငံကို ချစ်တယ်ဆိုရင် ကိုယ့်ရဲ့ ရေမြေတောတောင်တွေကိုလည်း ချစ်ပါ။ ကိုယ့်ရဲ့ မိရိုးဖလာ ဓလေ့ထုံးတမ်းတွေကို ပြန်လိုက်နာပြီး ချစ်ပါ” သစ်တောဌာနမှူး ပဒိုမန်းဘထွန်း

KNU ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဇူလိုင် ၈ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဇူလိုင်လသည် ကော်သူးလေ စုပေါင်းသစ်ပင်စိုက်သည့်လ ဖြစ်သည်။ ထိုလကို အခြေခံပြီး ကေအဲန်ယူ ထိန်းချုပ်နယ်မြေများတွင် စုပေါင်းသစ်ပင်စိုက်သည့် အခြေအနေနှင့် သစ်တောထိန်းသိမ်းမှု အခြေအနေများနှင့်ပတ်သက်၍ ကေအဲန်ယူ ဗဟိုသစ်တောဌာနမှူး ပဒိုမန်းဘထွန်းအား တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။

မေး။ ဒီနှစ် သစ်ပင်စိုက်လ လှုပ်ရှားမှုအစီအစဥ်တွေကို ကနဦး ပြောပြပေးပါ။
ဖြေ။ ဒီနှစ်ရယ်တော့ မဟုတ်ဘူး။ စပြီး သတ်မှတ်တဲ့နှစ်ကစပြီး အစီအစဥ်တွေက ရည်ရွယ်ချက် (၃) ခုနဲ့ ချမှတ်ထားတယ်။ (၁) အချက်က ဒီသစ်တောသစ်ပင်တွေ ပွားများလားဖို့။ (၂) အချက်ကတော့ တာဝန်ရှိ သူတွေနဲ့ ဒေသခံလူထုတွေရဲ့ ဒီသစ်တောထိန်းသိမ်းရေး သစ်တောပြန်လည်ဖွံ့ဖြိုးရေးတွေမှာ ပူးပေါင်း ဆောင်ရွက်မှု အားကောင်းဖို့။ နောက်ဆုံးအချက်က ဒီသစ်တောသစ်ပင်တွေ ချစ်မြတ်နိုးစိတ်တွေ ပိုပြီးမြှင့်မားလာဖို့ ဖြစ်ပါတယ်။

အဲဒီအတွက် စိုက်တဲ့နေရာမှာတော့ သစ်မျိုးစုံပါပဲ။ သူစိုက်မယ့် နေရာပေါ်မှာလိုက်ပြီးတော့ တချို့က အရိပ်ပင်တချို့က သီးပင်စားပင် တချို့က ထင်းအတွက်၊ တချို့ကတော့ တောရိုင်းတိရစ္ဆာန်တွေ စားဖို့ အတွက်ပေါ့နော်။ အဲလို ရည်ရွယ်ချက်တွေတော့ ရှိတယ်။ စိုက်မယ့်နေရာကတော့ ရွာတွင်းအရိပ်အတွက် ရွာချင်းဆက်လမ်းတွေရဲ့ နေရာတွေမှာရယ်၊ တောရိုင်းတိရစ္ဆာန်သီးပင်စားပင်အတွက် ကျောင်းတွင်း ထဲမှာရယ်၊ ဘုန်းကြီး‌ကျောင်း ပရဝုဏ်ထဲမှာရယ် ၊ သချိုင်းတွေမှာရယ် ပြီးတော့ သစ်တောပြုန်း တီးတဲ့နေရာတွေမှာရယ်ပေါ့နော်။ ပြန်စိုက်တဲ့ နေရာကတော့ အမျိုးမျိုးရှိပါတယ်။ စိုက်ဖို့အပင်ကတော့ ကိုယ့်နေရာနဲ့ သင့်တော်တဲ့ အပင်မျိုးတွေ စိုက်ဖို့‌ပေါ့နော်။

မေး။ သစ်တောထိန်းသိမ်းရေးအပိုင်း ဒေသခံတွေ သိနားလည်အောင် လုပ်ဆောင်နေတဲ့ ပညာပေး အစီအစဥ်တွေကိုလည်း သိချင်ပါတယ်။
ဖြေ။ ဒီက သစ်တောဌာမှာ ဗဟို၊ ခရိုင်အဆင့်ဆင့်မှာ သင်တန်းနဲ့ ပညာပေးရေးဌာနခွဲတစ်ခုရှိတယ်။ သင်တန်းတွေပေးမယ်။ ပညာတွေပေးမယ်။ ဟောပြောပွဲတွေ လုပ်မယ်။ အဲလိုမျိုးလေးတွေကို ဌာနခွဲက ဆောင်ရွက်ပေးနေတာ ရှိတယ်။ နောက်တစ်ခုက အခုဆိုရင် ကျေးရွာ သစ်‌တောကာကွယ်ရေးတပ်ဖွဲ့ ဆိုပြီး အဖွဲ့တွေ ဖွဲ့ပြီးတော့ မြေပြင်မှာရှိတဲ့ သစ်‌တောတာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ ထိန်းသိမ်းကာကွယ်တဲ့ လုပ်ငန်းတွေ ရှိတယ်။

အဲဒါအပြင် ထိန်းသိမ်းကာကွယ်ရေးဆိုတဲ့နေရာမှာ တောရိုင်းတိရစ္ဆာန်တွေကိုပါ ထိန်းသိမ်းဖို့ ပါတယ်။ ဒီထက် သူတို့ဒေသမှာ ရှိတဲ့ သစ်တောတွေကို တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီးတော့ သစ်တောစီမံခန့်ခွဲမှု တစ်ခုလုံးရော သစ်တောစိုက်တာရော ပါမယ်။ ပြီးတော့ သစ်တောထွက် ပစ္စည်းတွေကို တရားမဝင် ထိန်းသိမ်းမှုတွေပါတယ်။ လောလောဆယ် အခု ဖားအံခရိုင်၊ တောင်ငူခရိုင်၊ ဒူးပလာယာခရိုင် တွေမှာ ကျေးရွာသစ်တောထိန်းသိမ်းရေးအဖွဲ့တွေစပြီး ဖွဲ့တာ ရှိထားပါတယ်။

မေး။ နွေရာသီမှာ သစ်တောတွေ မီးလောင်တာမျိုး တွေ့ရတယ်။ ဒီအတွက် ကာကွယ်ရေး အပိုင်း ဘယ်လို လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ လူထုဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျနော်တို့မှာ ရှိတဲ့ အင်အားတွေနဲ့ ပညာပေးတွေ လုပ်ဆောင်တယ်။ အမှန်မှာက ဓလေ့ထုံးစံအရ ကနဦးကတည်းက သစ်တောမီး ထိန်းသိမ်းတာ သူ့ဟာသူ ရှိနေတယ်။ အခု အဲဒီဓလေ့က နည်းနည်းလေး လျော့ပါးလာတယ်။ ဘာဖြစ်လဲဆိုတော့ သစ်တောမီးက အဓိကလာတာက ဒီတောင်ယာမီးရှို့ကြတာကပေါ့နော်။

ဒါပေမယ့် ဓလေ့ထုံးစံတုန်းကကျတော့ တောင်ယာတွေမှာ သူ့ဟာသူလောင်လို့ ရှိရင် ဒါစိုက် မရတော့ဘူး။ သူ့ဟာသူ ပေးမလောင်ရဘူး၊ ကိုယ်ရှို့မှပဲ။ ရှို့တယ်ဆိုတာကလည်း သူတို့က လူတားလမ်းတွေ လုပ်ပြီးစုပေါင်းပြီးတော့ ရှို့ကြရတယ်ပေါ့နော်။ စုပေါင်းပြီးတော့ အဲဒီကွင်း တစ်ကွင်းလုံးကို ခုတ်ပြီးတော့ စပါးရဖို့ လုပ်ရတယ်။ တခြားဘက်ကကူးပြီး သူ့ဟာသူ မလောင်အောင် ဆိုပြီးတော့ မီးတားလမ်းတွေ လုပ်တဲ့စနစ်တွေရှိတယ်။ ဒါပေမယ့် အခုကျတော့ သူဟာသူရှို့ ကိုယ့် ဟာကိုယ်ရှို့တွေ ဖြစ်ကြကုန်ရော။

ဒါကြောင့် တောမီးကာကွယ်ဖို့ ဓလေ့ထုံးတမ်းလိုက်နာတဲ့ ကိစ္စတွေ ဖွံ့ဖြိုးလာအောင် ပြန်လုပ်ဖို့ လို တယ်။ နောက်ပြီးတော့ ဒေသခံတွေကို အသိပေးဖို့ ဒေသမှာ ရှိတဲ့တာဝန်ရှိသူတွေက ကြေငြာစာတွေ ထုတ်ထားပေးတာတို့ ရှိတယ်။

မေး။ ။ လက်ရှိ ကော်သူးလေ ဒေသတစ်ခုလုံး သစ်တောကြိုးဝိုင်း ဧရိယာဘယ်လောက်ရှိပြီလဲ။
ဖြေ။ ဒီသစ်တောကြိုးဝိုင်းက (၈၂) ခုရှိတယ်။ အဲဒီကြိုးဝိုင်းတွေက ထပ်ပြီးဖွဲ့တာ ပါတယ်။ ဟိုး အင်္ဂလိပ် ခေတ်က ထားတာတွေကို ဆက်ပြီး အသိအမှတ်ပြုတာ ရှိတယ်။ နောက်တော့ ဘေးမဲ့တော။ ဒီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တောက (၁၆) ခုရှိတယ်။ စာရင်းထဲမှာ ဧက ဘယ်လောက်ဆိုတာ အတိအကျ ရှိတယ်။ ပရတော ဆေးဖက်ဝင်ရှိတဲ့ ပေါက်ပင်တွေ သတ်မှတ်ထားတဲ့ တောက (၆) ခုရှိတယ်။ နောက်တစ်ခု ကတော့ ကျေးရွာပိုင်း ဘုံသစ်တောက ခရိုင် (၇) ခုလုံးအရ (၂၀၀) ကျော်နဲ့ ဧက အနေနဲ့က သုံးသိန်း နီးပါး ရှိသွားပြီ။ ဒီ ၂ နှစ် ၃ နှစ်မှာ ဦးစားပေးပြန်လုပ်ဖြစ်တာက ချောင်းဖျားတွေ လူထုရေဦးရေဖျား ထိန်းသိမ်းရေးတောဆိုပြီးတော့ လုပ်တယ်။ အခုဆို (၈) ခုလောက် ရှိပြီ။ ပြီးတော့ ဘိတ်-ထားဝယ် ဘက်မှာ အမျိုးသားဥယျာဥ်တစ်ခု ရှိတယ်။ အဲဒါက ဧက တစ်သိန်းကျော် ရှိတယ်။

မေး။ သစ်ပင်စိုက်ဖို့ သစ်တောကာကွယ်ရေးလုပ်ဆောင်တဲ့အခါ အဓိက ကြုံတွေ့ရတဲ့ စိန်ခေါ်မှု တွေကိုလည်း ပြောပြပေးပါ။
ဖြေ။ သစ်တော ကဏ္ဍအပိုင်း ဆောင်ရွက်တဲ့နေရာမှာတော့ စိန်ခေါ်ချက်၊ အားနည်းချက်တွေတော့ ရှိတာပေါ့။ စိန်ခေါ်ချက်တွေက ဒီအာဏာသိမ်းတဲ့နောက်ပိုင်းမှာ နည်းနည်းတော်သွားတယ်။ အာဏာ မသိမ်းခင် တုန်းကဆိုရင် သစ်တောတွင်းမှာ ဒီစည်းဝိုင်းလုပ်ငန်းတွေ စီးပွားဖြစ် စိုက်ပျိုးရေးလုပ်ငန်းတွေ ဝင်ရောက်မှုကြောင့် ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ စိန်ခေါ်ချက်တွေ ရှိခဲ့တယ်။ နောက်အဖွဲ့အစည်းများတဲ့ နေရာမှာ သစ်တောစီမံအုပ်ချုပ်မှုလုပ်တဲ့နေရာမှာလည်း စိန်ခေါ်ချက် တစ်ခုလို ဖြစ်ခဲ့တယ်။

ပြီးတော့ ဒီတချို့ NGO တွေက မြန်မာအစိုးရသစ်တောနဲ့ ပေါင်းပြီးတော့ ကြိုးဝိုင်းတိုးချဲ့တာတွေ အမျိုးသားဥယျာဥ်ပုံစံမျိုး တိုးချဲ့တာတွ လုပ်ရင် လာပြီး ဒေသခံတွေနဲ့ရော ကျနော်တို့နဲ့ရော လာတိုင် ပင်ဆေးနွေးတာတွေ မရှိဘူး။ ဒါကတော့ ကြိုးဝိုင်းတော ကြိုးပြင်ကာကွယ်တော ဆိုပြီး အဝေးကနေ သတ်မှတ်တာတွေမျိုးကျတော့ စိန်ခေါ်ချက်တွေ ကြီးမားတာပေါ့နော်။

နောက်တစ်ခုက စိန်ခေါ်ချက်ထက် အားနည်းချက်လို့ ပြောရမယ်။ ဘာလဲဆိုတော့ ကျနော်တို့မှာ သစ်တောနဲ့ဆိုင်တဲ့ ကောင်းမွန်တဲ့ ဓလေ့ထုံးတမ်းတွေက ရှိနှင့်ပြီးသားမို့လို့ပဲ။ ဒီသစ်တောအခြေအနေက တခြားနယ်မြေဒေသထက်စာရင် ကောင်းတာပေါ့နော်။ ဒါပေမယ့် ခုချိန်ဆိုရင် ဒီဓလေ့ထုံးတမ်းတွေက နည်းနည်း လိုက်နာမှု အားနည်းလာတယ်။ နောက်တစ်ခုက ငွေရေးကြေးရေးနဲ့ နည်းပညာပိုင်းတွေ အ‌ရေအတွက် နဲ့အရည်အချင်းပိုင်းတွေ စတဲ့ ကိုယ်ပြုပြင်လို့ရတဲ့ စိန်ခေါ်ချက် အားနည်းချက်တွေ ရှိနေတုန်းပဲ။

မေး။ တခြား ဖြည့်စွက်ပြောချင်တာတွေကိုလည်း ပြောပြပေးပါ။
ဖြေ။ ဖြည့်စွက်ပြောချင်တာက ခုနလို ဒီခုသစ်တောတွေ စုပေါင်းသစ်ပင်စိုက်လသတ်မှတ်ပြီး လုပ်တာ တော့ ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်းအောင်ပေါ့နော်။ တကယ်တမ်း သစ်တောပြန်လည်ဖွံ့ဖြိုး ရေးအတွက် ဒီလောက်နဲ့တော့ မရဘူး။ တကယ်ကို စီမံကိန်းတွေချ ဘတ်ဂျက်တွေဆွဲပြီးတော့ လုပ်ရတဲ့ အလုပ်တွေ ဖြစ်တယ်။ ဒါတွေကို ဆက်လက်လုပ်သွားဖို့ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ စီစဥ်ထားပြီးတဲ့အကြောင်း လူထုတွေကို အသိပေးချင်ပါတယ်။

လူငယ်တွေကို ပြောချင်တာက တို့ကရင်လိုခေါ်တဲ့ “ထီးကော့” (နိုင်ငံ) ပေါ့နော်။ “ထီး” ဆိုတာ ဒီ မြစ်ချောင်းအင်းအိုင်ပင်လယ်တွေပါမယ်။ ရေမြေဆိုလည်း ဟုတ်တယ်။ “ကညောထီးကော့” ကရင်နိုင်ငံ ကရင်ရေမြေပေါ့။ မြေမှာဆိုရင်တော့ လယ်မြေတွေ တောင်ယာစိုက်တာတွေ သစ်တောတွေ နောက် တောရိုင်းတိရစ္ဆာန်တွေ အကုန်လုံးပါတယ်။ ဒါကြောင့် တကယ့် ကိုယ့် “ထီးကော့” ကို ချစ်တဲ့သူဆိုရင် ကိုယ့်ရေမြေတောတောင်တွေကိုလည်း ချစ်ပါ။ ကိုယ့်ရဲ့ တောရိုင်းတိစ္ဆာန်တွေ ချစ်ပါ။ ကိုယ့်ရဲ့ မိရိုးဖလာဓလေ့ထုံးတမ်းတွေကို ပြန်လိုက်နာပြီး ချစ်ပါ။ အဲဒီ စိတ်ကို မြှင့်တင်ကြဖို့ ပြောချင်ပါတယ်။