Home သတင်း ဧရာဝတီတိုင်းတွင် ကွမ်းသီးအနု စျေးကောင်းရရှိနေ

ဧရာဝတီတိုင်းတွင် ကွမ်းသီးအနု စျေးကောင်းရရှိနေ

1005
Photo: CJ

ဇူလိုင် ၈ ရက်နေ့ ၂၀၂၅။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသရှိ မြို့နယ်အများအပြားတွင် “ကွမ်းသီးအရည်သောက်” ကွမ်းသီးအနုများ ယခုနှစ်အတွင်း အဝယ်လိုက်ပြီး ကွမ်းသီအနုတစ်လုံးကို ၆၅ ကျပ်မှ (၈၀) ကျပ်အထိ စျေးပေါက်နေသည်ဟု ဒေသတွင်း ကွမ်းသီး စိုက်သူများထံမှ သိရသည်။

ယမန်နှစ်က ဧရာဝတီတိုင်းဘက်တွင် ကွမ်းသီးအနု ဝယ်ယူမှုရပ်တန့်ခဲ့ပြီးနောက် ယခုနှစ်မှ ပြန်လည် စတင် ဝယ်ယူမှုများရှိနေကြောင်း မြောင်းမြမြို့နယ်က ကွမ်းသီးခြံပိုင်ရှင်တစ်ဦးက ယခုလို ပြောသည်။

“အရင့်သီးက ဝယ်သူတွေသေချာရွေးပြီး သူတို့ကြိုက်မှဝယ်တယ်။ ကိုယ့်ဖာသာတက်ရတယ်။ တက်ဖို့ လူငှားရ တာလည်း ခက်တယ်။ ပြီးတော့အလေအလွင့်လည်းရှိတယ်။ ကြွက်တွေ ရှဉ့်တွေပေါ့။ ကွမ်းသီးအရင့်ပေါ်တဲ့ အချိန်နဲ့ ဈေးကျတဲ့အချိန်နဲ့တိုးရင်ပို ပြီးတွက်ချေမကိုက်တော့ဘူးပေါ့။ အနုသီးခူးတာက အလေအလွင့်နည်းပြီး တွက်ခြေကိုက်တယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုလိုကာလမျိုးတွင် လယ်လုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံငွေများလိုအပ်နေချိန် ကွမ်းသီးအနု ရောင်းရငွေကြောင့် အခက်အခဲ တစ်စုံတစ်ရာကို ဖြေရှင်းနိုင်ကြကြောင်း ဒေသခံများက ပြောသည်။

ဧရာဝတီတိုင်းတွင် ကွမ်းသီးပင်များကို စီးပွားဖြစ်စိုက်ပျိုးကြသူရှိသလို တစ်နိုင်တစ်ပိုင် စိုက်ပျိုးသူများလည်း ရှိသည်။ ကွမ်းသီးတစ်ပင်လျှင် အလုံးရေ ၅၀၀ မှ ၁၅၀၀ ဝန်းကျင်အထိ သီးလေ့ရှိသောကြောင့် ကွမ်းသီး စိုက်သူများအတွက် တွက်ခြေကိုက်နေသည်ဟု ဆိုကြသည်။

သို့သော် ကွမ်းသီးအမျိုးအစားပေါ်မူတည်၍လည်း စျေးကွာခြားမှုရှိနေပြီး ဖင်ချွန်းသည့် အသီးအမျိုးအစားမှာ စျေးပိုရကြောင်း ပန်းတနော်မြို့နယ်က တစ်နိုင်တစ်ပိုင် ကွမ်းသီးစိုက်ပျိုးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “ဟိုတစ်နေ့ကမှာ လာဝယ်သွားတယ်။ မြောင်းမြဘက်က လူတွေပဲ သူတို့ကိုယ်တိုင် တက်သွားတာ။ တစ်လုံးကို ၇၀ နဲ့ စျေးပေးသွားတယ်။ စျေးကတော့ ပုံမှန်မပေးဘူး။ တချို့ဆိုရင် ၆၅ နဲ့ ဖြတ်လို့ရရင် ဖြတ်ပေး လိုက်ကြတာ။ ဒါပေမဲ့ ကွမ်းသီးအမျိုးအစားလည်း သူတို့ကြည့်တယ်။ အသီးလုံးလုံးလေးတွေဆို သူတို့ သိပ်မကြိုက်ကြဘူး။ စျေးသိပ်မပေးချင်ဘူး။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလိုကွမ်းသီးအနု အဝယ်လိုက်လာသောကြောင့် ကွမ်းသီးခြံပိုင်ရှင်အချို့ ကွမ်သီးအခိုးခံရမှုများလည်း ပေါများလာပြီး အလုံးရေ သောင်းနှင့်ချီအခိုးခံရသူများလည်းရှိကြောင်း ဒေသခံများက ပြောသည်။

ယခုလို ကွမ်းသီးအနု အဝယ်လိုက်လာသလို ကွမ်းသီးအခြောက် စျေးကွက်မှာလည်း တစ်လုံးကို တစ်ရာကနေ နှစ်ရာကျပ်အထိ စျေးပေါက်နေသောကြောင့် ကွမ်းသီးအခြောက်စောင့်ရောင်းသူများလည်းရှိကြောင်း သိရသည်။

ယခင်က မြန်မာနိုင်ငံတွင် ကွမ်းသီးအမှည့်နှင့် ကွမ်းသီးအခြောက်သာ စျေးကွက်ရှိပြီး ကွမ်းသီးအနုကို တရုတ် နိုင်ငံကအများအပြားဝယ်ယူလာသောကြောင့် ၂၀၁၀ နောက်ပိုင်း ကွမ်းသီးအနု စျေးကွက်ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ထို့အတူ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးဘက်တွင်လည်း ယခုနှစ်တွင် ကွမ်းသီးနု စျေးကောင်းရရှိနေကြောင်း စိုက်တောင်သူများက ပြောသည်။

ကွမ်းသီးအရင့်နှင့် အခြောက်များကို မြန်မာနိုင်ငံနှင့် အိန္ဒိယ နိုင်ငံများတွင် ကွမ်းယာအဖြစ် စားသုံးကြပြီး ကွမ်းသီး အနုကိုမူ တရုတ်က အပူဖြင့်ပေါင်းပြီး အခြောက်ခံကာ သရေစာအဖြစ် ထုတ်လုပ်ရောင်းချကြသည်ဟု သိရသည်။