အကြိမ်ကြိမ်အခါခါ သက်သေပြသထားခဲ့ပြီးပြီပဲ မဟုတ်ပါလား
မောင်ကျော်စွာ
(၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုက “ဒီဇင်ဘာ (၂၀၂၅) နဲ့ ဇန်နဝါရီ (၂၀၂၆) မှာ ကျင်းပမယ်” ဆိုတဲ့ “အထွေထွေရွေးကောက်ပွဲ” အတွက် ဦးတည်ပြီး စစ်ရေး – နိုင်ငံရေး – ဝါဒဖြန့်ချိရေးတွေကို အရှိန်မြှင့်ပြီးလုပ်လာ နေတယ်လို့ ယူဆပါတယ်။
(စကစ) စစ်အုပ်စုက လက်တွေ့လုပ်လာနေတဲ့ လှုပ်ရှားမှုမှန်သမျှကို “အထွေထွေရွေးကောက်ပွဲ” ဆိုတဲ့ အချက်နဲ့ မလွဲမသွေ ဆက်စပ်ကြည့်ဖို့ လိုပါတယ်။ စစ်ရေးအရ နောင်ချိုမြို့နဲ့ လွိုင်ကော် – မိုးဗြဲ – ဖယ်ခုံ – ပင်လောင်း ဆက်သွယ်ရေးလမ်းကြောင်းတွေကို ပြန်လည်ထိန်းချုပ်တာတွေဟာ အထွေထွေရွေးကောက်ပွဲ ကျင်း ပရေးဆိုတဲ့ ရည်မှန်းချက် ပါဝင်နေပါတယ်။
ထို့အတူ (စကစ)စစ်အုပ်စုက အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဆီ ပေးပို့တဲ့ အသနားခံစာတင်တဲ့ကိစ္စ မှာလည်း ရွေးကောက်ပွဲကိစ္စ ပါဝင်နေတယ် မဟုတ်ပါလား။
ဒါ့အပြင် Myanmar Electronic Voting Machine (MEVM) မဲပေးစက်တွေ ကိုင်တွယ်ဖို့အတွက် ဆရာဖြစ် သင်တန်းတွေ မြို့နယ်တိုင်းလောက်မှာ အင်တိုက်အားတိုက်ပေးနေတယ် မဟုတ်ပါလား။ ဒီစက်တွေက “ပယ်မဲ” မရှိတဲ့စက်လို့ ဆိုပါတယ်။ ဒီမဲပေးစက် (ဝါ) မဲလိမ်စက်တွေဟာ မြန်မာပြည်သူများရဲ့ စာတတ်မှုရေချိန်၊ သိမြင် နားလည်နိုင်မှုတို့နဲ့ ကိုက်ညီအောင် ဖန်တီးထားတယ်လို့လည်း ဖတ်ရပါတယ်။
(စကစ)စစ်အုပ်စုထိပ်သီး မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ ဇူလိုင်လ (၁၉)ရက်နေ့က အာဇာနည်ဗိမ္မာန်ကို သွားပြီး ပန်းခွေချတာဟာလည်း ဒီသဘောပါပဲ။
(၇ ဒသမ ၇) ရစ်ခ်တာစကေး မန္တလေးငလျင်ကြီးရဲ့ ပြန်လည်ထူထောင်ရေးကိစ္စတွေကို မင်းအောင်လှိုင် က သူ့ရဲ့ပုဂ္ဂိုလ်ရေးမဲဆွယ်မှုသဖွယ် အရောင်တင် ဆေးခြယ် သရုပ်ဖော်နေတာကို သတိပြုမိကြပါလိမ့်မယ်။
တကယ်တော့ ဒါတွေဟာ တိုင်းပြည်နဲ့အဝန်းဗုံးကြဲ၊ မီးလောင်တိုက်သွင်းနေတဲ့ (စကစ)စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေ ဖုံးကွယ်ဖို့ အချည်းအနှီးကြိုးစားနေမှုေတွပါ။ ဆင်သေကို ဆိတ်ရေနဲ့ဖုံးကွယ်ဖို့လုပ်နေတာပါ။
အခြားတစ်ဖက်မှာလည်း ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စတွေကို မီးသေအောင် ပြင်ဆင် လုပ် ဆောင်နေပါတယ်။ ကြံ့ဖွံ့ပါတီထဲမှာလည်း မင်းအောင်လှိုင်သစ္စာခံတွေ၊ ဩဇာခံတွေကို ပိုင်ပိုင်နိုင်နိုင် အကွက်ချ နေပါတယ်။ ဒါတွေဟာ မင်းအောင်လှိုင်ရဲ့စိတ္တဇဆန်လွန်းတဲ့၊ အတ္တလောဘဖြစ်တဲ့ သမ္မတဖြစ်ရေးခြေလှမ်းတွေ နဲ့ စီမံချက်တွေပါပဲ။ “မလုပ်ရဲတာမရှိဘူး – ဘာမဆိုလုပ်ဝံ့တယ်” ဆိုတဲ့ သူတို့လော့ဂျစ်နဲ့အညီလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်ဟာ စစ်တပ်ကို တစ်လက်ကိုင် ခါးပိုက်ဆောင်လုပ်ထားနိုင်တဲ့ အောက်မှာ ၂၀၂၀ ပြည့် နှစ် ရွေးကောက်ပွဲရလဒ်ကို ဗြောင်ဖျက်သိမ်းပြီး အာဏာသိမ်းခဲ့တယ်။ ဒါဟာ သူ့ရှေ့က ဆရာသမားတွေဖြစ်တဲ့ (နဝတ- နအဖ) တို့ခြေရာနင်းတာပါပဲ။ (နဝတ- နအဖ) တို့လည်း ၁၉၉၀ ပြည့်ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း ပစ်ခဲ့ကြတာပဲ မဟုတ်ပါလား။ “မဲ မသမာမှု” ဆိုတာ အာဏာသိမ်းနိုင်ဖို့ ဗြောင်ကျတဲ့ ဆင်ခြေလိမ်သာဖြစ်တယ်။ လိမ်ညာမှုနဲ့ အကြမ်းဖက်မှုဆိုတာဟာ စစ်အုပ်စုတိုင်းရဲ့ မပြောင်းလဲနိုင်တဲ့ မွေးရာပါ ဗီဇစရိုက်လုပ်ရပ်တွေပါပဲ။
လိမ်ညာလှည့်ဖြားဖို့ အကြမ်းဖက်ဖို့ဆိုတာ စစ်အုပ်စုတိုင်းအဖို့ သွေးအေးအေးနဲ့လုပ်ဆောင်ကြတဲ့ ထမင်း စားရေသောက်ကိစ္စတွေပါပဲ။ “အာဏာသိမ်းတယ်” ဆိုတာကတော့ စစ်အုပ်စုအတွက် “အာဏာလုယက်ရေး -အာဏာလက်မလွှတ်ရေး – ရေရှည်တည်တံ့ခိုင်မြဲရေး – ခေတ်အဆက်ဆက် လုယက်သိမ်းပိုက်ထားတဲ့ ဥစ္စာဓနနဲ့ ချမ်းသာကြွယ်ဝမှုတွေ ထိန်းသိမ်းကာကွယ်ရေး” အတွက် စစ်အုပ်စုတိုင်းရဲ့ အဓိကလက်နက်လည်းဖြစ်တယ်။
ဒီတစ်ခါ (၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်) အာဏာသိမ်းပိုက်မှုဟာ စစ်အုပ်စု အဆက်ဆက်အုပ်စိုးမှု နှစ်ပေါင်း (၆၀)ကျော်ကာလအတွင်းမှာ ပြည်တွင်းပြည်ပ ကြီးမားလှတဲ့ အကြပ်အတည်းပေါင်းစုံနဲ့ ရင်ဆိုင်တိုးရ တဲ့ အနေအထားမျိုးလည်း ဖြစ်ပါတယ်။
မင်းအောင်လှိုင်တို့ (စကစ)စစ်အုပ်စုဟာ ဒီရွေးကောက်ပွဲကို မဖြစ် ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်လုပ်ရမှာပါ။ အဲဒီလိုကျင်းပနိုင်ဖို့လည်း ၁၉၅၈ – ၅၉ ခုနှစ် ကာလတွေနဲ့ နှိုင်းယှဉ်ပြီး ရွေးကောက်ပွဲကို အလီလီကျင်းပဖို့လည်း အာဘော်ကြိုတင်ဖန်တီးထားပြီပါပြီ။ ဒီတော့ ရွေးကောက်ပွဲဟာ (စကစ)စစ်အုပ်စုက စီစဉ်ထားတဲ့ အချိန်ဇယား အတိုင်း ဖြစ်လာမှာပါ။
ဒီတော့ (စကစ)စစ်အုပ်စု ဇွတ်ဖန်တီးတဲ့ ရွေးကောက်ပွဲ – စိတ်ကြိုက်ရေးထားတဲ့ ဇာတ်ညွှန်းနဲ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးတွေနဲ့ မင်းအောင်လှိုင်က မင်းအောင်လှိုင်ကို သမ္မတမြှောက်တဲ့ လုပ်ပွဲစဉ်ကြီးသာဖြစ် တယ်ဆိုတာကို သမိုင်းက အတိအကျ မှတ်တမ်းတင်ပါလိမ့်မယ်။
တပြိုင်နက်ထဲမှာ (စကစ)စစ်အုပ်စု – ၂၀၀၈ အခြေခံဥပဒေ – အထွေထွေရွေးကောက်ပွဲနဲ့ မင်းအောင်လှိုင် တို့ကို ပြည်သူတစ်ရပ်လုံးက တခဲနက်ဆန့်ကျင်ကြတဲ့ တိုက်ပွဲကြီးတစ်ခုအဖြစ်လည်း သမိုင်းမှတ်တမ်းတင်ပါ လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူတစ်ရပ်လုံးဟာ (စကစ)စစ်အုပ်စု – ၂၀၀၈ အခြေခံဥပဒေ – အထွေထွေ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲကော်မရှင်နဲ့ မင်းအောင်လှိုင်တို့အပေါ် လုံးလုံးလျားလျား အယုံအကြည်ကင်းမဲ့သွား ကြလို့ပါပဲ။
စစ်အုပ်စုအဆက်ဆက်ဟာ ပြည်သူတွေအပေါ်၊ ပြည်သူ့ဆန္ဒအပေါ်၊ ပြည်သူ့အသက်အိုးအိမ်ပစ္စည်းတွေ ပေါ် ဘယ်တုန်းကမှ ရိုသေလေးစား တန်ဖိုးထားခဲ့ကြတာ မဟုတ်ဘဲ ရက်ရက်စက်စက် နင်းချေဖျက်ဆီးခဲ့ကြ တယ်ဆိုတာကို သမိုင်းဖြတ်သန်းမှုလက်တွေ့နဲ့ ၂၀၂၁ခုနှစ်က စတင်ခဲ့တဲ့ နွေဦးတော်လှန်ရေးလက်တွေ့ထဲမှာ ဖျောက်ဖျက် ဖုံးဖိထားလို့ မရအောင် အကြိမ်ကြိမ်အခါခါ သက်သေပြသထားခဲ့ပြီးပြီ မဟုတ်ပါလား။



















