ကေအဲန်ယူ တပ်မဟာ(၆)တွင် PDF များအား ဖိနှိပ်အနိုင်ကျင့်သဖြင့် ထွက်ပြေးမှု ဖြစ်ပွားနေကြောင်း စစ်ကောင်စီဝါဒဖြန့်မှုအပေါ် စိစစ်ခြင်း
ဇွန်လ ၃ ရက်၊ ၂၀၂၅ ခုနှစ်။
KIC, Red Flag, MFCN
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေက ပြည်သူ့ကာကွယ်ရေးတပ်-PDF အဖွဲ့ဝင် အမျိုးသားများကို ဖိနှိပ်အနိုင်ကျင့်ပြီး အမျိုးသမီးများကို ခြေတော်တင်သဖြင့် လက်နက်နဲ့တကွထွက်ပြေးနေကြကြောင်း စစ်ကောင်စီ၏နာမည်ကြီး ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်မှ မေလ ၂၁ ရက်နေ့က ဖြန့်ဝေထားသည်။
Subscribe ပြုလုပ်သူပေါင်း ၂သိန်းနီးပါးရှိသည့် စစ်ကောင်စီ၏ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ် Kyaw Swar တွင် အဆိုပါပို့စ်ကိုတင်ထားခြင်းဖြစ်ပြီး ယနေ့ ဇွန်လ ၂ ရက်နေ့အထိ ကြည့်ရှုသူ ၄သောင်း၂ထောင်ကျော်၊ Reaction ပြုလုပ်သူ ၈၀၀ နီးပါးနှင့် ကွန်မန့်ပြုလုပ်သူ ၁၉ ယောက်ရှိသည်။
Kyaw Swar သတင်းလင့်ခ် (https://archive.ph/49o27)
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ပတ်သက်သည့် သတင်းများကို အင်္ဂလိပ်စာဖြင့် X ချန်နယ် (Twitter) တွင် ရေးသားဖြန့်ဝေနေသည့် Thet Zaw အမည်ရ လူမှုကွန်ရက်အကောင့်ကလည်း Kyaw Swar က သုံးထားသည့် သတင်းဓာတ်ပုံကိုပင် ကူးယူကာ နှိပ်စက်သတ်ဖြတ်ခံရသူများ၊ အမျိုးသမီးများကိုကျွန်ပြု၊ တိုင်းရင်းသားနယ်မြေမှာဖြစ်နေတဲ့ လူမဆန်ဖိနှိပ်မှုများမှ လွတ်မြောက်ဖို့ တချို့ PDF တွေလက်နက်နဲ့တကွထွက်ပြေးပြီ စသည့် စာသားများဖြင့် “KNU Brigade 6” “PDFs” ဟက်ရှ်တက်များအသုံးပြု၍ မေလ ၂၂ ရက်နေ့က ဖြန့်ဝေထားသည်။
၎င်းကို ကြည့်ရှုသူ ၂၀၀ နီးပါးရှိပြီး Repost ပြန်လုပ်သူ ၄ ဦးရှိသည်။ (https://archive.ph/RT28H)
အဆိုပါရေးသားဖော်ပြချက်များကို Myanmar Fact-Checking Network အဖွဲ့ဝင်ဖြစ်သော ကရင်သတင်းဌာန-KIC မှ စိစစ်ကြည့်ရာ စစ်ကောင်စီက လိုသလိုပုံဖော်ရေးသားထားသော ဝါဒဖြန့်ဝေမှုမျိုးဖြစ်ကြောင်း တွေ့ရသည်။
ဝါဒဖြန့်ရေးသားဖော်ပြမှုအပေါ် စိစစ်ခြင်း
Kyaw Swar ချန်နယ်က “ကရင်ပြည်နယ်၊ တပ်မဟာ ၆ ဖက်မှာ PDF တွေကို ထွက်ခွင့်လည်းမပေး၊ အခွင့်အရေးလည်းမပေး ၊ ထောက်ပံ့ကြေးလည်း မရ၊ ဒီကြားထဲ ပဒပ်ထီးဆို အနိုင်ကျင့်နှိပ်စက်တယ်၊သတ်ဖြတ်ပစ်တယ်၊ ပဒပ်မဆို ခြေတော်တင်တယ်၊တိုက်ပွဲဖြစ်ရင်လည်း ရှေ့ကအသေခံတိုက်ခိုင်းနေတော့…PDF တွေလည်း ကိုယ်လွတ်ရုန်းပြီး၊လက်နက်တွေယူ ထွက်ပြေးကုန်ကြပြီ။” ဟု ရေးသားကာ တော်လှန်ရေးတပ်ဖွဲ့၏ဓာတ်ပုံတစ်ပုံနှင့်တကွ ဖော်ပြထားသည်။
၎င်းဓာတ်ပုံကို လူမှုကွန်ရက်စာမျက်နှာတွင် ဦးစွာတိုက်ဆိုင်စစ်ဆေးကြည့်ရာ ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေတွင် စစ်ရေးဖော်ဆောင်နေသည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, Savage Wolves Column (ဝံပုလွေစစ်ကြောင်း) နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက မြဝတီမြို့ဆိုင်းဘုတ်အောက်တွင် ရိုက်ကူးထားသည့်ပုံဖြစ်သည်။
အဆိုပါပုံအား ဝံပုလွေစစ်ကြောင်း၏စစ်ကြောင်းမှူး ဗိုလ်ဆန်းဒေးက ၎င်း၏ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာတွင် “ကိုယ့်ရဲဘော်တွေကို ယုံကြည်လို့သေနတ်ပေးတယ်၊ သေနတ်ရောင်းပြီးထွက်ပြေးတယ်။ နာမည်ကစိန်မျက်ခုံး အဖွဲ့အစည်းထဲက အသိတွေ လူကိုတွေ့ရင်သတင်းပို့ကြပါ” စာသားနှင့်တကွ မေလ ၁၈ ရက်နေ့က လွှင့်တင်ထားသည်။ မူရင်းလင့်ခ် (https://www.facebook.com/sun.poe.3958/posts/pfbid02nMF17z))
၎င်း၏မူရင်းပို့စ်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့ အသိုင်းအဝိုင်း လူမှုကွန်ရက်အကောင့်များက စာသားရောပုံပါ ထပ်ဆင့်ကူးယူဖြန့်ဝေကြသည်။
https://tinyurl.com/s4ebz2m6
https://www.facebook.com/ma.ma.moe.131410/posts
သတင်းလုပ်ငန်းစဥ်အတိုင်း လုပ်ကိုင်နေကြသည့် သတင်းဌာနများတွင်လည်း ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေ၌ PDF တပ်ဖွဲ့ဝင်များ ကို KNU က အနိုင်ကျင့်ဖိနှိပ်သတ်ဖြတ်ခြင်း လုပ်ဆောင်သည့် သတင်းမျိုး ဖော်ပြထားချက်မရှိပါ။
ထို့ကြောင့် စစ်ကောင်စီက မူရင်းရေးသားသူ၏ ဓာတ်ပုံနှင့်စာသားများကို တိုက်ရိုက်ကူးယူဖော်ပြထားသော်လည်း သက်သေမပြနိုင်သော ခိုင်လုံမှုမရှိသော အကြောင်းအရာများကိုပါ မိမိလိုရာဆွဲ၍ ပုံဖော်ရေးသားထားခြင်းအဖြစ် စိစစ်တွေ့ရှိရသည်။
သုံးသပ်ချက်
တပ်မဟာ(၆)သည် KNLA တပ်များအပြင် လက်အောက်ခံကာကွယ်ရေးတပ်များနှင့် NUG အောက်ရှိ PDF တပ်ဖွဲ့အများအပြား ရှိ၍ ပူးပေါင်းစစ်ရေးဖော်ဆောင်နေကြသည့် နယ်မြေလည်းဖြစ်သည်။
အာဏာသိမ်းပြီးနောက်ပိုင်း အဆိုပါ KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီအကြား စစ်ရေးအခြေအနေပြင်းထန်လျက်ရှိရာ စစ်ကောင်စီက အာရှလမ်းပြန်လည်စိုးမိုးရေးနှင့် မြဝတီမြို့မကျရေး အောင်ဇေယျစစ်ဆင်ရေးဖြင့် သာလွန်အင်အားသုံး၍ တစ်နှစ်ကျော်ကြာခုခံနေရသော်လည်း ပြီးခဲ့သည့် ဧပြီလအတွင်းမှာပင် ကော့ကရိတ်၊ကျုံဒိုးဒေသ၌ ပူးပေါင်းတပ်၏ တကျော့ပြန် ထိုးစစ်အရှိန်မြှင့်လျက်ရှိသည်။
ဖော်ပြအခြေအနေတွင် စစ်ကောင်စီကိုထောက်ခံအားပေးသည့် လူမှုကွန်ရက်မီဒီယာတို့၏အဆိုပါ ရေးသားဖော်ပြချက်မှာ တော်လှန်ရေးပူးပေါင်းတပ်များအကြား ယုံကြည်မှုလျော့နည်းစေရန်၊ ပြည်သူလူထုအထင်အမြင်မှားစေရန် အရေးအသားတို့ဖြင့် တစ်စိတ်တစ်ပိုင်းမှားယွင်းဖော်ပြထားသည့် ဝါဒဖြန့်ချိမှုမျိုးဖြစ်ကြောင်း သုံးသပ်ရသည်။
စာဖတ်သူများအနေဖြင့်လည်း သတင်းတု/သတင်းမှား ဖြစ်ကြောင်း သံသယရှိသည်ဖြစ်စေ၊ မှန်ကန်သည့်သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလို၍ဖြစ်စေ၊ Fact Checking ပြုလုပ်ပေးသော သတင်းဌာန/အဖွဲ့ အစည်းများ၏ Chat Box မှ သွားရောက်မေးမြန်းကြရန် တိုက်တွန်းလိုသည်။
Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်သော KIC ၏ (https://web.facebook.com/KICNewsPage) သို့ ဆက်သွယ်မေးမြန်း စစ်ဆေးပေးရန်လည်း တောင်းဆိုနိုင်ပြီး Myanmar Fact-checking Network အဖွဲ့ဝင်များ၏ အချက်အလက်စစ်ဆေးထားသော သတင်းများအား အောက်ပါလင့်ခ်များတွင်လည်း ဝင်ရောက်ဖတ်ရှုနိုင်မည်ဖြစ်သည်။
Web – https://myanmarfactcheckingnetwork.org/
Fb – https://www.facebook.com/myanmarfactcheckingnetwork