Home ဆောင်းပါး သုံးထပ်ကွမ်းဒုက္ခလှိုင်းတံပိုးထဲက စစ်ရှောင်မိခင်

သုံးထပ်ကွမ်းဒုက္ခလှိုင်းတံပိုးထဲက စစ်ရှောင်မိခင်

366

သုံးထပ်ကွမ်းဒုက္ခလှိုင်းတံပိုးထဲက စစ်ရှောင်မိခင်

နန့်ဆန်းထီ

မေလ ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မိုးဦးစကျပြီဖြစ်တဲ့ ဇွန်လ။ မိုးကျစိုက်တဲ့ သက်လတ်စပါးမျိုး စိုက်ပျိုးလို့ကောင်းတဲ့ရာသီဖြစ်သလို ၂၀၂၅-၂၀၂၆ ပညာသင်နှစ်စတင်ဖွင့်လှစ်တော့မယ့် ရာသီလည်းဖြစ်တော့ လယ်သမားအုပ်ထိန်းသူရော၊ ရင်သွေး ငယ်ကျောင်းနေအရွယ်ကလေးတွေအတွက်ရော အလုပ်များတဲ့လတစ်လဖြစ်ပါတယ်။

ဒီအခြေအနေမှာ နေစရာအိမ်ပျောက်တဲ့အပြင် လယ်အလုပ်လည်းပြန်မလုပ်နိုင်တဲ့ကြားက ရင်သွေး ပညာရေးအတွက်ပါ ဗျာများနေရတဲ့ ကလေး ၃ ယောက်မိခင် “မဝေ” (အမည်လွှဲ)ရဲ့ ဘဝကတော့ ခြားနားနေပါတယ်။

“အိမ်ပြန်ချင်တာ၊ ပြန်လို့ရရင် ကျောင်းဝတ်စုံလေးရှိသေးလားပေါ့၊ ရှိရင်အစ်မဝယ်မပေးရအောင်လေ။ ကလေးနှစ်ယောက်လုံးကိုဝယ်ပေးရရင် မဖြစ်နိုင်ဘူး။ အကြီးမလေးကတော့ နားလည်တယ်။ အငယ် လေးတွေက နားမလည်ဘူးလေ လိုချင်တာတောင်းတာပေါ့။ ကျောင်းဖွင့်တော့မယ် ဝယ်မပေးသေး ဘူးလား။ ဘာတွေလိုနေတာပြောတာပေါ့။ သူတို့ပြောတော့ ပိုဝမ်းနည်းတယ်” လို့ အသက် ၃၃ နှစ်အရွယ် မဝေက စိတ်မကောင်းစွာနဲ့ ပြောပါတယ်။

မြန်မာအစိုးရ သတ်မှတ်နယ်မြေအရဆိုရင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့နဲ့ကပ်လျက် ကင်မွန်းချုံရွာကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လပိုင်းကတည်းက စစ်ကောင်စီနဲ့ နယ်မြေခံ ကာကွယ် ရေးတပ်တွေ တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီက လမ်းပိုင်းတချို့နေရာတွေမှာ တပ်စွဲထား တာကြောင့် အဲဒီတဝိုက်မှာနေတဲ့ဒေသခံတွေက အခုချိန်ထိ နေအိမ်မပြန်ရတာပါ။

တိုက်ပွဲဖြစ်တုန်းကတော့ စစ်တပ်က လက်နက်ကြီးတွေ ပစ်ချတဲ့အပြင် သူတို့တပ်စွဲတဲ့နေရာနဲ့နီးတဲ့ ကင်မွန်းချုံရွာကြီးထဲက ပုဂံကွဲ၊ ဒိုးတန်း စတဲ့အပိုင်းတွေမှာ အဝင်အထွက်ပေးမလုပ်ဘဲ ဂိတ်ထိုင် ပိတ်ထားလို့ ဒေသခံတွေက အဆင်ပြေတဲ့နေရာတွေမှာ သွားပြီး စစ်ရှောင်ကြရပါတယ်။

ဒီလိုနဲ့ပဲ သူတို့အိမ်ပြန်လို့မရတာ ၁၀ လနီးပါးရှိလာပါပြီ။ ဒီအထဲမှာ ကင်မွန်းခြုံရွာကြီးထဲက စစ်တပ် ဝင်ခွင့်မပေးတဲ့အပိုင်းမှာနေထိုင်တဲ့ မဝေ တို့မိသားစုလည်း အပါအဝင်ဖြစ်ပါတယ်။

ဒါ့အပြင် ဒုက္ခထဲက ဒုက္ခနဲ့တွေ့တယ်လို့ ဆိုရမလား။ မဝေတို့မိသားစုမှာ တိုက်ပွဲဖြစ်ကာစက ကင်မွန်းချုံနဲ့သိပ်မဝေးတဲ့ မိုးကောင်းအုပ်စုထဲက မာလာကုန်းရွာမှာ စစ်ကိုကြောက်လို့ သွားရောက် တိမ်းရှောင်ခဲ့ပါတယ်။

အဲဒီမှာ ရေဘေးဖြစ်၍ သိပ်သက်ရောက်မှုမရှိတဲ့ ကင်မွန်းချုံကို ပြန်လာတဲ့နေ့မှာပဲ သူမတို့မိသားစုနေ အိမ်ခြံစည်းရိုးနားမှာ သူမအမျိုးသားဖြစ်သူက မိုင်းထိမှန်ခဲ့တယ်။ မိုင်းကြောင့် ခြေထောက်တစ်ဖက်ဖြတ်လိုက်ရပြီး ဒဏ်ရာပြင်းတဲ့ခြေထောက်တစ်ဖက်ကို တောင်ငူမှာ စစ်ရှောင်နေရင်း ဆက်ကုနေရတယ်။ ထိုအခြေအနေကြောင့် အိုးလည်းမဲ့၊ အိမ်လည်းမဲ့၊ စပါးရိတ်ခါနီးမှ ကပ်ဆိုက်တော့ မဝေတို့ မိသားစု ရင်းထားသမျှအားလုံး ဆုံးရှုံးလိုက်ရပါတယ်။

“မနှစ်ကပဲအကုန်ပဲ အစ်မရောင်းပစ်တာ၊ ပြီးတော့ လယ်စားရိတ်ထုတ်ထားတာ အဲ့အရင်း တွေပါ ဆုံးတယ်။ အဲ့လိုဖြစ်မယ်သိရင် အရင်းလည်းမထည့်၊ လယ်လည်းလုပ်မနေဘူးပေါ့။ မာလာ ကုန်းကနေ အိမ်ပြန်တဲ့နေ့မှာလည်း နေရာတောင်မချရသေးဘူး။ ယောက်ျားကမိုင်းထိလို့ ဆေးရုံပြန်ပြေးရတော့ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ ဝယ်ထားတဲ့ဆန်တွေ ဆီတွေ အကုန် ထားခဲ့ရတယ်” လို့ မဝေက နှမြောတသ ဆိုပါတယ်။

ကင်မွန်းချုံတိုက်ပွဲဖြစ်လို့ ဒေသခံတွေရှောင်ကြရှားကြတဲ့ကာလတုန်းက ရွာမှာလူမရှိတဲ့နေအိမ်တွေကို စစ်ကောင်စီတပ်တွေဝင်ပြီး ပစ္စည်းဖောက်ယူကြတယ်လို့ အဲဒီနှစ်က ဒေသသတင်းအရင်းအမြစ်တွေမှာ ဖော်ပြခဲ့ပါတယ်။

ဒီအထဲမှာ မဝေတို့မိသားစုပိုင်ဆိုင်တာတွေလည်း အပါအဝင်ပါ။ သမီးအကြီးကလေးအတွက် ဝယ်ထားပေးတဲ့ စက်ဘီးဆိုင်ကယ်လေးကအစ ပါသွားတယ်လို့ မျက်မြင်တွေ့ရှိသူကတဆင့် သိထားတာကို မဝေက ပြန်ပြောပါတယ်။

ဒါကြောင့် ကျောင်းတက်ရမယ့်ကလေးနှစ်ယောက်အတွက် အိမ်မှာကျန်ခဲ့တဲ့ ကျောင်းဝတ်စုံတွေပြန်ယူဖို့ စိတ်ရှိပေမယ့် အိမ်မှာရှိနေသေးရဲ့လားတောင် သူမ အတတ်မပြောနိုင်ပါ။

လောလောဆယ်တော့ တစ်ရွာတည်းသား အသိမိတ်ဆွေတစ်ယောက်ငှားနေတဲ့ တောင်ငူမြို့က အိမ်ရဲ့အနောက်ဖေးမှာ မဝေတို့မိသားစုအတွက် ခိုလှုံစရာ နေရာလေးတစ်ခုရတယ်ဆိုပေမဲ့ ဇွန်လပိုင်းထဲမှာပဲ အိမ်ငှားပြန်အပ်တော့မှာမို့လို့ ဘုန်းကြီးကျောင်းတစ်နေရာကို ပြောင်းရွှေ့နေရတော့မယ့် အခြေအနေပါ။

ဒါ့အပြင် အလှူရှင်ထောက်ပံ့တဲ့ငွေတစ်ခုတည်းနဲ့ အမျိုးသားအတွက် ဆေးရုံစရိတ်၊ မိသားစုစားစရိတ် ဖြေရှင်းနေရတာလည်း ရှိပါသေးတယ်။ အခုလည်း ကျောင်းဖွင့်ချိန်နီးလာပြီမို့လို့ မဝေ တစ်ယောက် ဗျာများရပြန်ပါပြီ။

သူမမှာက ၁၃ နှစ်နဲ့ ၉ နှစ်အရွယ် သမီးမိန်းကလေးနဲ့ ၆ နှစ်အရွယ် သားယောက်ျားးလေး စုစုပေါင်း ၃ ယောက် ရှိတာပါ။ မနှစ်ကတော့ ကလေးနှစ်ယောက်ကို တောင်ငူက အလယ်တန်း ကျောင်းတစ်ကျောင်းမှာ ထားဖို့အဆင်ပြေခဲ့ပေမယ့် ဒီနှစ်က အထောက်အပံ့နည်းလာတဲ့အပြင် နေစရာပါအခက်တွေ့နေတော့ သူတို့ပညာရေးပိုင်းအတွက် အခက်အခဲရှိနေတယ်လို့ သိရပါတယ်။

တဖက်မှာလည်း ထန်းတပင်မြို့နယ်က ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး သတ်မှတ်နယ် မြေကကြည့်ရင် တပ်မဟာ(၂)၊ တောင်ငူခရိုင်အတွင်းမှာ တည်ရှိပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကနေ ကေအဲန်ယူနယ်မြေတွေမှာ ပဋိပက္ခတွေဆက် တိုက်ဖြစ် လာတာကြောင့် တောင်ငူခရိုင်မှာဆိုရင်လည်း စစ်ကောင်စီ ဖွင့်လှစ်တဲ့ စာသင်ကျောင်းရော ကေအဲန်ယူ လက်အောက်က စာသင်ကျောင်းတွေရော ပညာရေးအပိုင်းမှာ စိန်ခေါ်မှု အများကြီး တွေ့ကြုံခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး ကေအဲန်ယူ တောင်ငူခရိုင် ပညာရေးမှူးက “ကိုဗစ်ဖြစ်ပြီး စစ်အာဏာ သိမ်းပြီးနောက်ပိုင်း မြန်မာကျောင်းတချို့ ပိတ်လိုက်ရတယ်။ ကျနော်တို့ KECD (ကရင်ပညာရေးနှင့် ယဉ်ကျေးမှုဌာန) ကျောင်းတွေများလာတယ်ဆိုပေမယ့်လည်း လေယာဥ်ခြိမ်းခြောက်မှုဖြစ်ဖြစ်၊ လေကြောင်းဗုံးကြဲတာ လက်နက်ကြီးပစ်တာတွေက ကလေးတွေစာသင်နေတဲ့အချိန် အဖြစ်များတယ်”လို့ ဆိုပါတယ်။

စစ်ရှောင်ဦးရေအနေနဲ့ကြည့်ရင် ၂၀၂၄ တုန်းက ကင်မွန်းချုံရွာကြီးမှာဖြစ်တဲ့ တိုက်ပွဲနဲ့ပစ်ခတ်မှုတွေ အပါအဝင် ပဋိပက္ခတွေကြောင့် အာဏာသိမ်းပြီး အခု ၂၀၂၅ ခုနှစ် မတ်လအထိ တောင်ငူခရိုင်ထဲမှာ စစ်ဘေးရှောင် ၁ သိန်း ၅ သောင်းကျော်ရှိနေတယ်လို့ ကရင်ပြည်တွင်းနေရပ်စွန့်ခွာရသူများဆိုင်ရာ ကော်မတီ-CIDKP စာရင်းက ဖော်ပြပါတယ်။

ကေအဲန်ယူရဲ့စာရင်းအရကတော့ ၂၀၂၄ ဇွန်လအထိ တောင်ငူခရိုင်မှာ စစ်ရှောင် ၁ သိန်း ၄ သောင်း စွန်းစွန်းရှိခဲ့ပါတယ်။ နှိုင်းယှဥ်ကြည့်ရင် စစ်ရှောင်ဦးရေက တိုးမသွားဘဲ ထပ်တက်လာတာပါ။ ဒါကြောင့် မဝေတို့ မိသားစုလို အိမ်ပြန်မရတဲ့ စစ်ရှောင်တွေရှိနေဆဲလို့ ဆိုနိုင်ပါတယ်။

“သူ့(မဝေ)ယောက်ျားက ခြေထောက်တစ်ဖက်က ပြတ်ပြီး တစ်ဖက်ကို စတီးလ်ထည့်ထားရတာ။ ဆက် ကုနေရတုန်းပဲ။ ကင်မွန်းခြုံမှာလည်း စကစ တပ်တွေက ရွှေကျင်စု၊ ကင်မွန်းခြုံဈေး၊ ရွှေပုဂံ၊ ဒိုးတန်း အပိုင်းတွေမှာ ဆက်ရှိနေတုန်းမို့လို့ လူတွေပြန်နေလို့မရသေးဘူး” လို့ မဝေနဲ့နီးစပ်တဲ့ ဇရပ်ကြီးမြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ကင်မွန်းချုံက တစ်ချို့အပိုင်းတွေမှာ နေအိမ်မပြန်နိုင်တဲ့နောက်ထပ် အကြောင်းအရင်းကတော့ ဖြတ်သွားဖြတ်လာလမ်းမှာ ထောင်ထားတဲ့မိုင်းတွေနဲ့ လက်ရှိ တပ်စွဲထားတဲ့စစ်တပ်ဂိတ်တွေက ပိတ်ဆို့တားမြစ်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် စက်တင်ဘာလတုန်းက ဒါးဒေါက်ရွာလမ်းနံဘေးမှာ ထောင်ထားတဲ့မိုင်းကြောင့် အိမ်မွေး တိရစ္ဆာန်အချို့ ထိခိုက်သေဆုံးမှုရှိခဲ့တာကိုလည်း မိုင်းပေါက်ကွဲတဲ့ဖြစ်စဥ်ကို မျက်မြင်တွေ့ရှိသူက သူ့ရဲ့လူမှုကွန်ရက်မှာ ရုပ်သံဖိုင်နဲ့တကွ ဖော်ပြခဲ့ပါတယ်။

“အစ်မတို့က လမ်းနဲ့နီးတော့ စကစနဲ့နီးတယ်။ လမ်းတွေပိတ်ထားတာ အရင်က အိမ်ရှေ့လမ်းတွေပဲ၊ အခု နောက်လမ်းတွေရော သူတို့ သတ်မှတ်ထားတဲ့ နေရာအထိ အကုန်ပိတ်တယ်။ လမ်းမပိုင်းကသူတွေ အကုန်မနေရဘူး ပေးမဝင်ဘူး။” လို့လည်း မဝေက သူတို့လမ်းရဲ့အခြေအနေကို ပြောပြပါတယ်။

ဘယ်လိုပဲ စစ်ဘေးအန္တရာယ်၊ ရေဘေးအန္တရာယ်၊ မိုင်းဘေးအန္တရာယ် အမျိုးမျိုးကြုံတွေ့ခဲ့ရပါစေ ဒုက္ခလှိုင်းတံပိုးထဲက စစ်ရှောင်မိခင်မဝေဟာ သူမကလေးတွေရှေ့မှာ မားမားမတ်မတ် ရပ်တည်နေတဲ့မိခင်တစ်ဦးပါ။

တစ်သက်နဲ့တစ်ကိုယ် လယ်ပဲလုပ်တတ်ခဲ့တာဆိုပေမယ့် ပိုပြီးခက်ခဲလာတဲ့ မိသားစုစားဝတ်နေရေး၊ ကလေးတွေပညာရေးအတွက် အလှူရှင်အားကိုးသပ်သပ်မဟုတ်ဘဲ အလုပ်တစ်ခုရှာဖွေတော့ မယ်လို့လည်း သူမက ဆုံးဖြတ်ချက်ခိုင်မာနေပါတယ်။