မေ ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယားခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့ တောင်ဘက်) ရှိ စစ်ကောင်စီ၏ မောခီးနှင့် ထိုးကျိုး(ဘုရင့်နောင်တပ်)စခန်းနှစ်ခုကို ကရင်အမျိုးသား လွတ် မြောက် ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်က ယနေ့ မေလ ၃၀ ရက်နေ့ တစ်ရက်ထဲတွင် သိမ်းပိုက်ရှင်းလင်း နိုင်ခဲ့သည်ဟု KNLA တပ်မှူးတစ်ဦးက ကေအိုင်စီသို့ အတည်ပြု ပြောသည်။
အဆိုပါ တပ်စခန်း နှစ်ခုသည် ကေအဲန်ယူ-ကော့ကရိတ်မြို့နယ် စီမံအုပ်ချုပ်နယ်မြေ၊ ထိုင်း-မြန်မာ နယ်စပ် အနီး တည်ရှိသည့် စခန်းများ ဖြစ်သည်။
ကရင်တို့ အခေါ် မောခီးစခန်း(မော်ခီး)၌ စစ်ကောင်စီတပ်သားများ ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် ထွက်ပြေး သွားသလို ထိုးကျိုး (ဘုရင့်နောင်) စခန်းရှိ စစ်ကောင်စီ တပ်သားများသည်လည်း ပြီးခဲ့သည့် မေ ၂၈ ရက်နေ့ ည ကတည်းက ထွက်ပြေးသွား ခြင်းဖြစ်သည်ဟု မြေပြင်ရှိ KNLA တပ်မှူးက ယခုလို ပြောသည်။
“ကနဲလေးက စခန်းတက်တဲ့ အချိန်မှာ ၁၂၀ မမ ၂ ခု ကျနော်တို့ရတယ်။ ကနဲလေး စခန်းကျပြီးတော့ မောခီးစခန်း က သူတို့ကို လက်နက်ကြီးပစ်ကူ ပစ်ပေးတာမရှိတော့ဘူး။ ထိုးကျိုးကလဲ ၂၈ ရက်နေ့ကတည်းက တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားတော့ သူတို့အတွက် နောက်ကျောမလုံတော့ ဖရိုဖရဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ အကုန်ပြေး သွားတာပါ” ၎င်း တပ်မှူးက ကေအိုင်စီသို့ ယနေ့မွန်းလွဲပိုင်းတွင် အတည်ပြုပြောသည်။
မောခီးစခန်းသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် မတ်လအတွင်းက KNLA တပ်ဖွဲ့များ တစ်ကြိမ် တက်ရောက် တိုက်ခိုက် ပိုက်နိုင်ခဲ့ဖူးသော်လည်း ထိုအချိန်က စစ်ကောင်စီတပ်က အင်အား ၂၀၀ ကျော်ဖြင့် စစ်ကြောင်းထိုး လာပြီး ပြန်လည်အခြေချနေသည့် စခန်းတစ်ခု ဖြစ်သည်။
ထို့အပြင် လက်ရှိစခန်းသိမ်းချိန်တွင် မောခီး စခန်းတွင်း စစ်ကောင်စီ အင်အား ၃၀ ဦးကျော်ခန့် သာရှိပြီး ကရင်တို့ အခေါ် ထိုးကျိုး(ဘုရင့်နောင်) စခန်း၌ စစ်ကောင်စီ တပ်အင်အား ၂၇ ဦးသာ တပ်စွဲထားကြောင်း မြေပြင်ရှိ တပ်မှူး ထံမှ သိရသည်။
ထိုသို့ KNLA မဟာမိတ်တပ်များ ထိုင်း-မြန်မာ နယ်စပ်ရှိ တပ်မဟာ ၆ နယ် မြေအတွင်း စစ်ကောင်စီ အခြေချ စခန်းများကို ဆက်တိုက် သိမ်းပိုက်လျက်ရှိပြီး လက်ရှိ ဥကရိထ ပင်မထောက်ပို့ စခန်း၊ ဝေါလေစစ်ဗျူဟာ စခန်း၊ သေ့ဘောဘိုး ခံစစ်စခန်း စသည့်စခန်းများ ကျန်နေသေးကြောင်း တပ်ပိုင်းဆိုင်ရာ ကေအိုင်စီ သတင်းရင်းမြစ်က ပြောသည်။



















