မေ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်နှင့်ဝေါမြို့နယ်တို့တွင် ဖြစ်ပွားနေသည့် နှစ်ဖက်တိုက်ပွဲများကြောင့် လူထုထိ ခိုက်နစ်နာမှုမဖြစ်ပေါ်စေရန် ဝေါမြို့နယ်၊ စစ်တောင်းမြစ်နံဘေးရှိ ဆင်ရွာ၊ သူရဲသမိန်၊ ဂျိုးလေး၊ မြစ်ကျိုး စသည့်ကျေးရွာနေဒေသခံများ နေအိမ်မှရှောင်ရှားနေထိုင်ကြရန် ဝေါ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယမန်နေ့တွင် အသိပေးလိုက်သည်။
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူထိန်းချုပ်သည့် တပ်မဟာ(၃)နယ်မြေ၊ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ရွာနှင့်တစ်ဝိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်စစ်ကောင်စီတပ်တို့ ဧပြီလကတည်းက တိုက်ပွဲများဖြစ်ပေါ်နေပြီး ရွှေကျင်မှဝေါဘက်၊ ဝေါမှရွှေကျင်ဘက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်နေကြခြင်းဖြစ်သည်။
စစ်တောင်းမြစ်အနီးအနားရွာများတွင် တပ်စွဲထားသည့် စစ်တပ်က လက်နက်ကြီးနှင့်ဒရုန်း လွှတ်တင်တိုက်ခိုက်နေ၍ တော်လှန်ရေးတပ်ဖွဲ့ဘက်က တုံ့ပြန်နေရသည့်အခြေအနေတွင် ရွာခံများ ထိခိုက်မှုမရှိစေရန် ရှောင်ရှားခိုင်းရသည်ဟု ဝေါပကဖ ပြန်ကြားရေးတာဝန်ခံက ကေအိုင်စီသို့ ယခုလိုပြောသည်။
“လက်ရှိ စစ်တောင်းမြစ်နဲ့နီးတဲ့ရွာ ဝေါဘက်ကရွာတွေနေရာရွှေ့ဖို့လိုတယ်။ ရန်သူက ဆင်ရွာ၊ သူရဲသမိန်ဘက်ကနေ ပစ်နေတာ။ တော်လှန်ရေးတပ်ဖွဲ့ကလည်းပြန်ပစ်တာရှိတယ်။ ဒီတော့ရွာတွေပေါ်ကျပြီးထိခိုက်မှာစိုးလို့ ရှောင်ခိုင်းတဲ့သဘောပါ” ဟု ဝေါ ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပဋိပက္ခများစတင်ဖြစ်ပွားစဥ်ကတည်းက အဆိုပါရွာရှိဒေသခံအများစု နေရပ်ရှောင်ရှား ကြပြီးဖြစ်သော်လည်း မိမိတို့အိုးအိမ်ပစ္စည်း စိတ်မချရ၍ ဆက်လက်နေထိုင်သူတစ်ချို့ရှိနေသေးကြောင်း ၎င်းအဖွဲ့တာဝန်ခံ၏ပြောပြချက်အရ သိရသည်။
ထို့အပြင် ယမန်နေ့က တစ်နေ့လုံးနီးပါးဖြစ်ပွားနေသည့်တိုက်ပွဲအတွင်း သူရဲသမိန်ရွာမှ အသက်(၅၀) ဝန်းကျင်အရွယ် အမျိုးသားတစ်ဦးသေဆုံးပြီး အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဒေသသတင်းမီဒီယာတချို့ကဖော်ပြထားသည်။ ကေအဲန်ယူ-ဗဟိုဘက်ကလည်း စစ်ကောင်စီဘက်ကပစ်ခတ်မှုကြောင့် သူရဲသမိန်ရွာဘုန်းကြီးကျောင်း ဗုံးစထိမှန်ပျက်စီးရကြောင်း ထုတ်ပြန်သည်။
လက်ရှိမှာ ရွှေကျင်မြို့နယ်အတွင်းရှိ တိုက်ပွဲအရှိန်အဟုန်မှာ ဝေါမြို့နယ်အတွင်းသာမက နယ်မြေထိစပ်နေသည့် ကျိုက်ထိုမြို့နယ်ဘက်က ကျေးရွာများသို့ပါ ရိုက်ခတ်နေပြီး စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်မှုများကြောင့် ဖော်ပြပါမြို့နယ် ၃ ခုမှ စစ်ရှောင်နေရသည့် ဒေသခံသောင်းနှင့် ချီရှိလာကြောင်း ဒေသအလိုက်သတင်းအရင်းအမြစ်များမှ သိရသည်။



















