မေ ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရန်ကုန်-ပုသိမ် ကားလမ်းမကြီးပေါ် လှိုင်သာယာမြို့နယ်၊ ဒဂုံဧရာအဝေးပြေးဝင်း အနီးတွင် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များက အိမ်စီး Alphard ကားများကို အသုံးပြု၍ လူငယ်များကို စစ်မှုထမ်းစုဆောင်းရန် စောင့်ဖမ်းမှုများ ယခု ရက်ပိုင်းအတွင်း ပြုလုပ်နေသည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကား အသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်မြို့ဘက်သို့ လာရောက်သည့် လူငယ်များကို အဓိက ပစ်မှတ်ထား ဖမ်းဆီးနေခြင်း ဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူ တစ်ဦးက ယခုလို ပြောသည်။
“မနေ့က (မေ ၈ ရက်)မှာ ဧရာဝတီတိုင်းဘက်က လာတဲ့ လူငယ်တွေကို စောင့်ဖမ်းတာ။ တချို့ကို ပိုက်ဆံတောင်း တယ်။ တချို့လူငယ်တွေကို တစ်ခါတည်း ဖမ်းခေါ်သွားတယ်။ စစ်မှုထမ်း အကျုံးဝင် အသက်ရှိတဲ့ လူငယ်တွေပေါ့၊ မကြာခဏ လုပ်နေတာတွေ့တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသူ မျက်မြင်တွေ့ရှိသူက ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ ဝင်များအနေဖြင့် ယခင်က စစ်ကားများကိုသာ အများစု အသုံးပြုလေ့ရှိသော်လည်း နိုင်ငံရေး နှင့် သက်ဆိုင်သည့် နေ့ကြီးရက်ကြီး များတွင် အိမ်စီးကား၊ လူမှုရေးအသင်းများမှ ကူညီကယ်ဆယ်ရေး အရေးပေါ် ကားများကိုလည်း အသုံး ပြုကင်းလှည့်လေ့ ရှိသည်ဟု လှိုင်သာယာ အနောက်ပိုင်းမြို့နယ်တွင် နေထိုင်သူ တစ်ဦး က ပြောသည်။
ယခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်စီးကားအသုံးပြု စစ်မှုထမ်း လူစုမှုများ ဖြစ်ပေါ်နေသည့် အတွက် လူငယ် များ သတိဖြင့် သွားလာကြရန်နှင့် မဖြစ်မနေ ခရီးသွားလာရမည်ဆိုပါကလည်း ပတ်ဝန်းကျင်သို့ အမြဲမပျက် အကဲ ခတ်သွားလာရန် တိုက်တွန်းလိုသည်ဟု ဧရာဝတီတိုင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။



















