မေလ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၃)၊ တပ်မဟာ(၄)၊ တပ်မဟာ(၇) ရှိ စစ်ကောင်စီစခန်း ၃ ခု စလုံးကို ယနေ့ မေ ၉ ရက်နေ့တွင် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များက သိမ်းပိုက်ရရှိပြီးဖြစ်သည်ဟု သက်ဆိုင်ရာ တပ်မဟာအသီးသီးက အတည်ပြု ပြောသည်။
အဆိုပါ စစ်ကောင်စီ စခန်းများမှာ တပ်မဟာ(၃)၊ ခလယ်လွီထူး (ညောင်လေးပင်)ခရိုင်၊ ဆောထိ(ရွှေကျင်) မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခမရ-၅၉၈ အခြေစိုက်စခန်း ဖြစ်သည်။
ထို့အပြင် တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင်၊ ထီးခီးနယ်စပ်ရှိ စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၅ နှင့် ခလရ-၂၆၇ တို့တပ်စွဲထားသည့် ထီးခီးစခန်း ကိုလည်း သိမ်းပိုက်လိုက်ပြီး ဖြစ်သည်ဟု ခရိုင်ရှိ သတင်းရင်းမြစ် များက ပြောသည်။
အလားတူ တပ်မဟာ(၇) ဖားအံခရိုင်ရှိ တခေါ်ဘိခီးစခန်း တို့အား KNLA ပူးပေါင်းတပ်က ယနေ့ နံနက် ပိုင်းတွင် အလုံးစုံ သိမ်းပိုက်နိုင်ခဲ့ပြီး ဖြစ်သည်။

အဆိုပါ စခန်းသုံးလုံးအား ရရှိပြီးဖြစ်သော်လည်း KNLA ပူးပေါင်းတပ်က သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းနှင့် ထိခိုက်သေဆုံးမှုအသေးစိတ်အား ဆက်လက်ကောက်ယူနေဆဲဖြစ်သည်ဟု သက်ဆိုင်ရာတပ်မဟာတို့မှ တာဝန်ရှိသူတို့က ပြောသည်။
“၅၉၈ စခန်းကို ကျနော်တို့ တက်သိမ်းလိုက်နိုင်သွားပြီ။ မနေ့ကညဘက်ထိ သူတို့လေယာဉ်နဲ့ ဗုံးလာပစ်ချတာ ၅၃ လုံးလောက်ရှိတယ်။ အခုမနက်တော့ ကျနော်တို့ စခန်းတက်ရှင်းနေပြီ။ ထိခိုက်မိတာနဲ့ လက်နက်ပစ္စည်း စာရင်း အတိအကျမရသေးဘူးနော်။” ဟု ခလယ်လွီထူး (ညောင်လေးပင်)ခရိုင် တွဲဖက်အတွင်းရေးမှူးက ကေအိုင်စီသို့ အတည်ပြု ပြောသည်။
တဆက်တည်းမှာပင် KNLA၊ ပူးပေါင်းတပ်၏ထိုးစစ်ဆင်တိုက်ခိုက်ခြင်းခံနေရသည့် ထိုင်း-မြန်မာနယ်စပ်ရှိ ထီးခီးစခန်းကိုလည်း သိမ်းပိုက်ခဲ့ပြီး ဖြစ်သည်ဟု ခိုင်လုံသည့် KNLA သတင်းအရင်းအမြစ်က အတည်ပြု ပြောသည်။
“ဒီနေ့မနက် ၉ နာရီဝန်းကျင်လောက်မှာ ကျနော်တို့ ထီးခီးစခန်းကိုရပါတယ်။ အခြား အသေးစိတ်တော့ ပြောလို့ မရသေးပါဘူး” ဟု KNLA တပ်မဟာ(၄) သတင်းအရင်းအမြစ်က ပြောသည်။

အဆိုပါ စခန်းအား KNLA က ၃ ပတ်ကြာ ပိတ်ဆို့တိုက်ခိုက်ထားခြင်းဖြစ်ပြီး ထိုးစစ်အသွင် အရှိန်မြှင့် တိုက်ခိုက်မှု ကြောင့် စခန်းတွင်းအခြေစိုက်သည့် စစ်ကောင်စီတပ်သား ၁၀၀ ကျော် ထက်ဝက်နီးပါးသည် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး ရှောင်တိမ်းမှုများ ပြုလုပ်ခဲ့သည်။ စခန်းရရှိပြီးနောက် သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း စာရင်းနှင့် ထိခိုက်မှုဖြစ်စဥ်အပေါ် ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာထံသို့ ကေအိုင်စီက ဆက်သွယ် မေးမြန်းနေဆဲ ဖြစ်သည်။
အလားတူ ပြီးခဲ့သည့် မတ်လ(၇)ရက်နေ့က စတင်တိုက်ခိုက်ခဲ့သည့် တပ်မဟာ(၇) ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၂၄၊ တပ်ခွဲ-၁ အခြေစိုက်သည့် တခေါ်ဘိခီးစခန်းကိုလည်း ယနေ့နံနက်ပိုင်း တွင် KNLA၊ ပူးပေါင်းတပ်က အပြီးသတ် သိမ်းပိုက်ရှင်းလင်းနိုင်ပြီဟု စစ်ရေးသတင်းအမြစ်ထံမှ သိရသည်။
အဆိုပါ စခန်းကို KNLA က တိုက်ခိုက်နေစဥ် စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ ဒေသခံများမှာ ထိုင်းနိုင်ငံဘက်ခြမ်းနှင့် နီးစပ်ရာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။
ယခုနှစ်အတွင်း ကေအဲန်ယူထိန်းချုပ်နယ်မြေများတွင် စစ်ကောင်စီတပ်စခန်းများ KNLA ပူးပေါင်းတပ် ၏ တိုက်ခိုက်ခံနေပြီး မကြာသေးသည့် ဧပြီလ ၁၉ ရက်နေ့ကလည်း တပ်မဟာ(၄)ရှိ စစ်ကောင်စီ၏ ထီးထာဗျူဟာ စခန်းနှင့် တပ်မဟာ(၇) နဘူးမြို့နယ်ရှိ လေးဂေါ်(မော်ဂလာ) စခန်း တို့အား ပူးပေါင်းတပ်က တစ်ရက်တည်းတွင် သိမ်းပိုက် ရရှိခဲ့သည်။



















