Home သတင်း ကျွန်းစုတွင် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဝင်တိုက် ဗိုလ်မှူး အပါအဝင် ၂၀ ဦးသေဆုံး

ကျွန်းစုတွင် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဝင်တိုက် ဗိုလ်မှူး အပါအဝင် ၂၀ ဦးသေဆုံး

468
Photo: Archipelago People's Defense Force - P.K.F.

မေ ၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်နှင့် ကျွန်းစုမြို့နယ် အစပ်ကြားရှိ စစ်ကောင်စီ၏ ဝါရစ်ပိန်း တောပြင် ရှေ့တန်းစခန်းကို တော်လှန်‌ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူး (၁)ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၀) ဦး သေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ပကဖ က ယမန်နေ့ တွင် သတင်းထုတ် ပြန်ထားသည်။

ပြီးခဲ့သည့် မေ ၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မြိတ်ခရိုင် တပ်ရင်း (၂)၊ တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေး အဖွဲ့ (တိုက်ခိုက်ရေး)နှင့် တနင်္သာရီမြို့နယ် ပကဖ တို့ ပူးတွဲပါဝင်သည့် တပ်ဖွဲ့က ဝါရစ်ပိန်းတောပြင်နှင့် ဝါးရစ်မြန်မာ ကမ်းနားတံတား ရှိ စစ်ကောင်စီ၏ ရှေ့တန်းစခန်း ( ၂ ) နေရာအား တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက် ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

“ဒီနားဝန်းကျင်က တိုက်ပွဲဖြစ်နေကြပဲ။ အရင်နှစ်က ဒီစခန်းမရှိဘူး။ သူတို့က ပြည်သူတွေကို စားနှပ်ရိက္ခာ သယ်ယူတဲ့နေရာမှ အစစ်အဆေးကြမ်းတာ ပိတ်ပင်တာမျိုးလည်း လုပ်တယ်။ ရှေ့တန်းအထိုင် စခန်းငယ်ပေမယ့် ကျနော်တို့ ပေါက်မလာအောင် ကာထားတဲ့ စခန်းလို့ ပြောလည်းရတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ အထိနာ၍ စစ်ကောင်စီတပ်သားများ ရှေ့တန်းစခန်းအား စွန့်ခွာထွက် ပြေးသွားခဲ့ ကြောင်း၊ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် စခန်း နယ်မြေရှင်းလင်းရေး မလုပ်ဆောင်နိုင်ခဲ့ သလို လက်နက်ခဲယမ်းရရှိခြင်းလည်း မရှိခဲ့ကြောင်း ၎င်း က ဆက်ပြောသည်။

အဆိုပါ အချိန် ၃ နာရီ နီးပါး ကြာမြင့်သည့် ပစ်ခတ်မှုတွင် စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ကူနှင့် လေကြောင်း၊ ရေကြောင်း ပစ်ကူများပါ အသုံးပြု၍ အဆက်မပြတ် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန် ချက်၌ ဖော်ပြထားသည်။

အဆိုပါ ကျွန်းစုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးတပ်တို့ မကြာခဏ တိုက်ပွဲများ ဖြစ်ပွား လေ့ရှိပြီး စစ်ကောင်စီမှ လေကြောင်း၊ ရေကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့်နှစ်အတွင်း အနည်းဆုံး ပြည်သူ ၃,၀၀၀ ဦး ကျော် နေ့ရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသည်ဟု သုတေသန အဖွဲ့အစည်းတစ်ခု ဖြစ်သည့် FE-5 Tanintharyi ၏ လစဉ် အစီရင်ခံစာ၌ ဖော်ပြထားသည်။