Home ဆောင်းပါး အစဉ်အလာ စံတန်ဖိုးတွေကို အမေရိကန်ပြည်သူတွေကပဲ ကာကွယ်နိုင်မှာပါ

အစဉ်အလာ စံတန်ဖိုးတွေကို အမေရိကန်ပြည်သူတွေကပဲ ကာကွယ်နိုင်မှာပါ

326
Photo: Internet

အစဉ်အလာ စံတန်ဖိုးတွေကို အမေရိကန်ပြည်သူတွေကပဲ ကာကွယ်နိုင်မှာပါ

မောင်ကျော်စွာ

(၂၀၂၅ ခုနှစ်၊ မတ်လ ၂၁ ရက်)

အမေရိကန်ပြည်ထောင်စုမှာ (၄၇)မြောက်သမ္မတအဖြစ် မစ္စတာဒေါ်နယ်ထရန့်(တစ်ကျော့ပြန်) သမ္မတ ပြန်ဖြစ်လာ တာ ဒီဆောင်းပါးရေးတဲ့ (၂၀ မတ် ၂၀၂၅)မှာ ရက်ပေါင်း ၆၀ ပဲရှိပါသေးတယ်။ ဒီရက်ပေါင်း ၆၀အတွင်းမှာ သမ္မတ ဒေါ်နယ်ထရန့်အုပ်ချုပ်ရေးအဖွဲ့က ကိုင်တွယ်ဆောင်ရွက်နေတဲ့ အမေရိကန်ပြည်တွင်း/ပြည်ပ ပေါ်လစီ၊ သဘောထားနဲ့ ပြောဆိုလုပ်ကိုင်ဆောင်ရွက်မှုတွေက အံ့ဩစရာကနေ စိုးရိမ်ပူပန်စရာ၊ စိုးရိမ်ပူပန်စရာကနေ သမ္မတဒေါ်နယ်ထရန့်၊ သူ့အုပ်ချုပ်ရေးနဲ့ သူ့ရဲ့ပါတနာ အီလွန်မတ်တို့ကိုပါ ဆန့်ကျင်ကြတဲ့အထိ အရှိန်မြင့်လာပါပြီ။ ဒီလို ဆန့်ကျင်မှုတွေက အမေရိကန်ပြည်တွင်းမှာရော အမေရိကန်ပြည်ပမှာ အရှိန်မြင့်လာနေတာပါ။ ဆက်ပြီး အရှိန်မြင့်လာမယ့်သဘော ရှိပါ တယ်။

သာမန် မဲဆန္ဒရှင် အမေရိကန်အခွန်ထမ်း ပြည်သူတွေအဖို့တော့ “ကျားကြောက်လို့ ရှင်ကြီးကိုး ရှင်ကြီး ကျားထက်ဆိုး” ဆိုတဲ့ကိန်းမျိုးဆိုက်တာပါပဲ။ ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်ထက်စာရင် ရီပတ်ဗလစ်ကင် ဒေါ်နယ်ထ ရန့်က မဆိုးလောက်ဘူး။ တရုတ်ပြည်ကိုလည်း ဘိုင်ဒန်အစိုးရထက်ပိုပြီး ထိန်းချုပ်နိုင်မှာပဲဆိုတဲ့ တွက်ကိန်း (အထင်)နဲ့ မဲပေးခဲ့ကြတာပါ။ အခုတော့ အထင်နဲ့အမြင် ပါစင်အောင်လွဲခဲ့ကြပြီလို့ ဆိုရမလိုဖြစ်နေပါပြီ။

သမ္မတအဖြစ် ကျမ်းသစ္စာဆိုတဲ့ ပထမနေ့မှာပဲ သမ္မတထရန့် လက်မှတ်ထိုးခဲ့တဲ့ကိစ္စတွေက အမေရိကန် ပြည်တွင်း/ပြည်ပမှာ စိုးရိမ်စရာတွေ ဆင့်ကဲဆင့်ကဲဖြစ်စေခဲ့တယ် မဟုတ်ပါလား။

အစွဲကင်းကင်းနဲ့ ပြောကြစတမ်းဆိုရင် ဒီနေ့ကာလကမ္ဘာကြီးမှာ “ဉာဏ်ပညာ၊ စီမံခန့်ခွဲမှု၊ သိပ္ပံနည်းပညာ၊ လက်နက်စွမ်းပကား၊ ငွေကြေးဥစ္စာဓန” စတဲ့ ဘယ်လိုနယ်ပယ်မှာမဆို အမေရိကန်ပြည်ထောင်စုရဲ့ “ပထမတန်းအဆင့် နေရာ” ကို ဘယ်နိုင်ငံကမှ အပြည့်အဝ ပခုံးချင်း မယှဉ်နိုင်ကြသေးပါဘူး။

ရက်ပေါင်း ၆၀ အတွင်း သမ္မတဒေါ်နယ်ထရန့် အုပ်ချုပ်ရေးက ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်နေပုံတွေဟာ အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၊ အမေရိကန်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတို့မှာ တည်ကြည်လေး နက်စွာဖော်ပြထားတဲ့ မှတ်ကျောက်တင်ထားခဲ့တဲ့ “အမေရိကန်စံတန်ဖိုးတွေ”ဟာ သို့လော သို့လော မေးခွန်းထုတ်စရာ ဖြစ်သထက် ဖြစ်လာနေပါပြီ။

သမ္မတဒေါ်နယ်ထရန့် အုပ်ချုပ်ရေးက ပြုမူပြောဆို လုပ်ကိုင်ဆောင်ရွက်နေပုံတွေဟာ အမေရိကန်တွေ အစဉ် အဆက်ကျင့်သုံးခဲ့ကြတဲ့ “သမ္မတ၊ ကွန်ဂရက်လွှတ်တော်နဲ့ တရားရုံးချုပ်”တို့ အပြန်အလှန် ထိန်းညှိထားတဲ့ ချိန်ခွင်ညှာ ကိုပါ ကမောက်ကမ ဖြစ်နေစေပါပြီ။ ကွန်ဂရက်နဲ့ တရားရုံးချုပ်ကို ဘေးချိတ်ကာ “ငါ – သမ္မတ” ဆိုပြီး ထင်ရာစိုင်းနေ ပါတယ်။

အမေရိကန်နိုင်ငံဟာ ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးဆိုတဲ့ အဆင့်အတန်းနဲ့အညီ၊ ဂုဏ်ဒြပ်နဲ့အညီ ကမ္ဘာကြီးရဲ့ အရေး အရာတွေမှာလည်း ဉာဏ်ပညာအမြော်အမြင်၊ ဆင်ခြင်တုံတရား၊ တာဝန်ယူမှု စတာတွေနဲ့ ဦးစီးဦးဆောင် ပါဝင်ဆောင် ရွက်ရမှာ မဟုတ်ပါလား။ ဒါပေမယ့် ဒီနေ့လက်တွေ့မှာ ဒေါ်နယ်ထရန့်အုပ်ချုပ်ရေးက လုပ်နေကိုင်နေပုံတွေကတော့ ငါ့အတွက် ငွေကြေးအကျိုးအမြတ်မရှိရင် ဘာဆိုဘာမှမလုပ်ဘူး။ အဲဒီလို အကျိုးအမြတ်မရတဲ့ ငါ့အိတ်ထဲက စိုက်ထုတ် ကုန်ကျနေရတဲ့ ကိစ္စတွေမှန်သမျှ ငါဖျက်သိမ်းမယ်၊ ငါရုပ်သိမ်းမယ်၊ ငါလျှော့ချမယ်၊ ငါ ပိတ်ပင်ပစ်မယ်ဆိုတဲ့ တစ်ကိုယ် တော်တံခါးပိတ် စဉ်းစားလုပ်ကိုင်နည်းနဲ့ ဆင်ကန်းတောတိုးသလို လုပ်ဆောင်နေပါတယ်။

အကျိုးအမြတ်ရရှိရေးအတွက် ဖွဲ့စည်းထားတဲ့ သာမန်ကုမ္ပဏီတစ်ခုဟာ သူ့ကုမ္ပဏီအတွက် အကျိုးအမြတ် မရနိုင်တာတွေကို မလုပ်တာ သဘာဝကျပါတယ်။

Photo: Internet

သူ့ကုမ္ပဏီရဲ့ ရေတိုရေရှည်အကျိုးအမြတ်ကို ဆောင်ကျဉ်းပေးနိုင် ခြင်းမရှိတဲ့ ကုမ္ပဏီရဲ့ပေါ်လစီတွေကို ပြောင်းလဲပြင်ဆင်ရမှာပါ။ ထို့အတူ ညံ့ဖျင်းတဲ့ စီမံခန့်ခွဲမှုနဲ့ အုပ်ချုပ်ရေးကို ဆောင်ရွက်နေတယ်ဆိုရင် စီအီးအို၊ မန်နေဂျာကစလို့ အောက်ခြေဝန်ထမ်းနဲ့ ကုမ္ပဏီလုံခြုံရေးအထိ ကုမ္ပဏီပိုင်ရှင်ရဲ့ သဘောထားတစ်ခုထဲနဲ့ စိတ်ကြိုက် ဖြုတ်နိုင်၊ ထုတ်နိုင်၊ အသစ်ခန့်ထားနိုင်ပါတယ်။

မစ္စတာဒေါ်နယ်ထရန့်ဟာ သူပိုင်ကုမ္ပဏီတစ်ခုကို အထက်မှာ တင်ပြခဲ့သလို လုပ်ကိုင် ဆောင်ရွက်နေတယ်ဆို ရင် လူတိုင်းက ဪ — သူ့ကုမ္ပဏီ သူ့စိတ်ကြိုက် စီမံခန့်ခွဲတာပဲလို့ ဘာသိဘာသာ သဘောထားကြမှာပါ။ ဒီနေ့ မစ္စတာဒေါ်နယ်ထရန့် စီမံအုပ်ချုပ်နေတာက ကုမ္ပဏီတစ်ခုမဟုတ် အမေရိကန်ပြည်ထောင်စုကြီးတစ်ခုလုံးဖြစ်ပြီး အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ များရာအစုက ဆန္ဒမဲပေးရွေးချယ်ထားတဲ့ (၄၇)ယောက်မြောက် သမ္မတ တာဝန် ကို ထမ်းဆောင်နေတာဖြစ်ပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စုကြီးကို မစ္စတာဒေါ်နယ်ထရန့်အနေနဲ့ သူပိုင် ကုမ္ပဏီတစ်ခုလို အမေရိ ကန်အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်နဲ့ အသီးသီးသော အေဂျင်စီများမှာရှိတဲ့ ဝန်ထမ်းတွေကို သူပိုင်ကုမ္ပဏီတစ်ခုက ဝန်ထမ်းတွေလို သဘောထားပြီး ထင်သလိုလုပ်လို့ မရပါဘူး။ ထင်သလိုလုပ်ခွင့် မရှိဘူးလို့ ယူဆပါတယ်။

“အမေရိကန်ပြည်ထောင်စုရဲ့ (၄၇)ယောက် သမ္မတ”ဆိုတဲ့ ကိုယ်စားပြုမှုဟာ ဒေါ်နယ်ထရန့်ကို ထောက်ခံမဲ ပေးလိုက်ကြတဲ့ ရီပတ်ဗလစ်ကင်ပါတီဝင်တွေအတွက်ပဲ ရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် ရရှိခဲ့တဲ့ electoral votes ၃၁၂အတွက်ပဲ (သမ္မတတစ်ယောက်အတွက် လိုအပ်တဲ့ electoral votes ၂၇၀)၊ ဒေါ်နယ်ထရန့်နဲ့ နှစ်ကိုယ့်တစ်စိတ် ပါတနာဖြစ်နေတဲ့ အီလွန်မတန်တို့လို အမေရိကန်အရင်းရှင်ကြီးတွေအတွက်ပဲ သီးသန့် ကိုယ်စားပြုဖို့ လုံးဝ မဟုတ်ပါ ဘူး။ အမေရိကန်ပြည်ထောင်စုတဝန်းမှာရှိတဲ့ ပြည်နယ် ၅၀လုံးမှာရှိတဲ့ အသားအရောင် အဖြူ/ အမဲမခွဲ၊ ဆင်းရဲ/ ချမ်းသာမခွဲ အမေရိကန်နိုင်ငံသား အားလုံးကို တူညီစွာ ကိုယ်စားပြုရမှာ မဟုတ်ပါလား။

အခုတော့ သမ္မတဖြစ်လို့ ရက်ပေါင်း ၆၀ပဲ ရှိပါသေးတယ်။ သမ္မတ ဒေါ်နယ်ထရန့်ရဲ့လုပ်ဆောင်မှုတွေက အမေ ရိကန်ပြည်ထောင်စုကို အစဉ်အလာအမေရိကန်စံတန်ဖိုးထားမှုတွေကို ကာကွယ်ထိန်းသိမ်းလိုသူတွေက တစ်ဖက်၊ ထိုသို့သော အစဉ်အလာတန်ဖိုးတွေကို အရေးမထားလိုသူတွေကတစ်ဖက်၊ ကမ္ဘာကြီးရဲ့အရေးအရာတွေမှာ ဉာဏ်ပညာ အမြော်အမြင်၊ ဆင်ခြင်တုံတရား၊ တာဝန်သိမှု/တာဝန်ယူမှုနဲ့ ဆောင်ရွက်စေလိုသူတွေကတစ်ဖက်၊ အာဏာပြ၊ ဗိုလ်ကျ မောက်မာမှုနဲ့ ထင်သလိုဆောင်ရွက်လိုသူတွေကတစ်ဖက် စသဖြင့် ဘက် ၂ဖက်၊ အစွန်း ၂ဖက် ကွဲသထက်၊ ဝေးသ ထက်ဝေးလာနေပါတယ်။

အမေရိကန်ပြည်ထောင်စုအတွင်းမှာ အဲဒီလိုဖြစ်ပေါ်လာမှုတွေဟာ အမေရိကန်ပြည်ထောင်စုကြီးအတွက် လည်း အလားအလာမကောင်းနိုင်သလို ကျန်တဲ့ကမ္ဘာကြီးအတွက်လည်း ရတက်မအေးစရာပါ။

လက်ရှိမြင်နေရသမျှမှာတော့ သမ္မတ ဒေါ်နယ်ထရန့်နဲ့ သူ့အုပ်ချုပ်ရေးက ပြုမူပြောဆိုလုပ်ကိုင်ဆောင်ရွက်နေ ပုံတွေဟာ ပြည်တွင်း/ပြည်ပကနေ မမျှော်မှန်းနိုင်တဲ့ အန္တရာယ်ပေါင်းစုံကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

ဒီလိုအန္တရာယ်တွေထဲကနေ အမေရိကန်နိုင်ငံသားတွေဟာ အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေကို ခွဲခြားနိုင်ပြီး အခွင့်အလမ်းတွေကို ဆုပ်ကိုင် – စိန်ခေါ်မှုတွေကိုရင်ဆိုင်ကာ အမေရိကန်ပြည်ထောင်စုရဲ့ အစဉ်အလာစံတန်ဖိုးတွေကို ထိန်းသိမ်းကာကွယ်မြှင့်တင်နိုင်ကြပါစေလို့ အလေးအနက် ဆန္ဒပြုပါရစေ။