မတ်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ရန်ပုံငွေလိုအပ်ချက်ကြောင့် မြန်မာနိုင်ငံ၌ လက်ရှိပေးနေသော လူဦးရေတစ်သန်းအတွက် အသက် ကယ်ဆယ်ရေး စားနပ်ရိက္ခာများအား လာမည့် ဧပြီလမှစတင်ကာ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ်-WFP က ယနေ့ မတ်လ (၁၄)ရက်နေ့တွင် အသိပေးကြေညာသည်။
အထောက်အပံ့ရပ်ဆိုင်းမှုကြောင့် ရခိုင်ပြည်အလယ်ပိုင်းမှ နေရပ်ရွှေ့ပြောင်းနေထိုင်သူဦးရေ တစ်သိန်းနှင့် ရိုဟင်ဂျာအုပ်စုများအပါအဝင် WFP ၏ စားနပ်ရိက္ခာအထောက်အပံ့ပေါ်၌သာ မှီခိုနေရသည့် နိုင်ငံတစ်ဝှမ်းရှိ ပြည်သူလူထုကိုလည်း ထိခိုက်စေမည်ဟု WFP က ပြောသည်။
WFP ၏ မြန်မာကိုယ်စားလှယ် Michael Dunford က “အခုဖြစ်လာမယ့် အကူအညီရပ်ဆိုင်းမှုက WFP တစ်ခုတည်းကိုပဲ အားထားနေရတဲ့ နိုင်ငံတဝှမ်းကရပ်ရွာလူထုအတွက် ဆိုးဆိုးရွားရွား ထိခိုက်နိုင်ပါတယ်။ ကျနော်တို့ကတော့ ကျနော်တို့ကတိအတိုင်း ကူညီဖို့ဆက်ကြိုးစားနေမယ်ဆိုပေမယ့် အကူအညီလိုသူကို ကူညီနိုင်ဖို့က ရန်ပုံငွေချက်ချင်းလက်ငင်းရဖို့လည်း အရေးကြီးတယ်” ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။
၂၀၂၅ ခုနှစ်အတွက် မြန်မာပြည်သို့ အသက်ကယ်အကူအညီဆက်ပေးရန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀ လိုအပ်နေပြီး ရန်ပုံငွေအသစ်မရပါက WFP အနေဖြင့် မြန်မာပြည်ရှိ အသက် ငါးနှစ်အောက် ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်နှင့်နို့တိုက်မိခင်များ၊ မသန်စွမ်းသူများ ပါဝင်သည့် လူ ၃ သောင်း ၅ ထောင်ခန့်ကိုသာ ကူညီနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
သို့သော် စားနပ်ရိက္ခာလိုအပ်ချက်အကြီးမားဆုံးဖြစ်သည့် မိုးတွင်းကာလ ဇူလိုင်မှ စက်တင်ဘာလအတွင်း အရေးပေါ်အကူအညီလိုအပ်မည့် လူဦးရေ ၃၀၀,၀၀၀ အတွက် ပြန်လည်ထောက်ပံ့နိုင်ရေး ကြိုးပမ်းသွားမည်ဟုလည်း WFP က ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က လူသားချင်းစာနာမှုအကူအညီလိုအပ်နေသည့် လူဦးရေ ၁၃ သန်းကျော်ရှိခဲ့ရာမှ ယခုနှစ်တွင် ၁၅ သန်းကျော်အထိ မြင့်တက်လာကြောင်း WFP က စာရင်းပြုစုဖော်ပြထားသည်။ ၎င်းအပြင် နိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေသော လက်နက်ကိုင်ပဋိပက္ခများကြောင့် လူသားချင်းစာနာမှုလိုအပ်ချက်ကို ဖြည့်ဆည်းရန် လိုအပ်သောရန်ပုံငွေကို နိုင်ငံတကာမှ ဝိုင်းဝန်းပံ့ပိုးပေးကြရန်လည်း WFP ၏ မြန်မာကိုယ်စားလှယ်က ထုတ်ပြန်ချက်တွင် ဖြည့်စွက်တိုက်တွန်းသည်။
အမေရိကန်သမ္မတ၏ နိုင်ငံအကျိုးစီးပွားနှင့်ကိုက်ညီမှုမရှိဟုဆိုကာ USAID နှင့် ပြည်ပဖွံ့ဖြိုးရေးထောက်ပံ့မှုလုပ်ငန်း အကူအညီအားလုံးကို ရပ်ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်ကြောင့် မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုအတွက် USAID က ပံ့ပိုးထားသည့် ပရိုဂရမ်များ၊ ထောက်ပံ့ရေးလုပ်ငန်းစဥ် အများအပြား ရပ်ဆိုင်းကုန်သည်။
ထိုရိုက်ခတ်မှုဒဏ်ခံရသည့် လူသားစာနာအဖွဲ့အပါအဝင် ဒိုနာအားဖြင့်ရပ်တည်နေရသည့် အဖွဲ့များမှာ ဥရောပပါဝင်သော အနောက်နိုင်ငံကြီးများ၏ ထောက်ပံ့မှုကို တိုးချဲ့ရှာဖွေရန် ကြိုးပမ်းလာကြပြီး ရန်ပုံငွေရရှိရန် စောင့်ဆိုင်းရသည့်ကာလအတွင်း ယခင်လည်ပတ်နေသောလုပ်ငန်းစဥ်များ ရပ်ဆိုင်းထားရကြောင်းလည်း ယင်းအဖွဲ့များထံမှ သိရသည်။