မတ်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ အလူးကြီးကျေးရွာနှင့်ပိုင်ဒဝယ်ကျေးရွာအကြားရှိ တော်လှန်ရေးတပ်ဖွဲ့၏ ယာယီစစ်ဆေးရေးဂိတ် အနီးသို့ ယနေ့ မတ်လ ၁၀ ရက်နေ့က စစ်ကောင်စီမှ ဒရုန်းဖြင့် နှစ်ကြိမ်ကြဲချတိုက်ခိုက်သဖြင့် လမ်းသွားလမ်းလာရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
ယနေ့မွန်းလွဲပိုင်းတွင် အလူးကျေးရွာအုပ်စုနေရွာသားတစ်ဦးသည် ယင်းဂိတ်စခန်းအနီးမှဖြတ်၍ ဘီးလင်းမြို့သို့သွားစဥ် စစ်ကောင်စီဘက်က ဒရုန်းဖြင့်ဗုံးကြဲချတိုက်ခိုက်ချိန်နှင့်တိုးသဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်ကုသပေးနေရသည်ဟု တော်လှန်ရေး သတင်းအရင်း အမြစ်နှင့်ဒေသခံများက ပြောသည်။
“ထိတာနည်းနည်းပြင်းထန်တယ်ရှိမှာပေါ့။ ဆေးရုံပို့လိုက်ပြီ။ သူ့ခမျာ အလူးရွာဘက်ကနေ ရန်ကုန်-မော်လမြိုင်လမ်းမကြီးအတိုင်းဆို ဘီးလင်းသွားဖို့ အန္တရာယ်များလို့ ပိုင်ဒဝယ်ဘက်ကသွားကာမှ ထိလိုက်သေးတယ်။” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ကေအိုင်စီသို့ပြောသည်။
ပိတ်ထားပြီးသော ယာယီဂိတ်စခန်းဖြစ်သောကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိဟုလည်း တော်လှန်ရေးသတင်းအရင်းအမြစ်က ပြောသည်။
ထို့အပြင် ယခုမတ်လ ဒုတိယအပတ်အတွင်းမှစကာ စစ်ကောင်စီက အင်အားအများအပြားအသုံးပြု၍ ဘီးလင်းမြို့နယ် အလူးကျေးရွာအုပ်စုအပါအဝင် အခြားကျေးရွာများသို့ စစ်ကြောင်းထိုး လှည့်လည်မှုများ ပြုလုပ်လျက်ရှိကြောင်းလည်း သိရသည်။
ထိုသို့ ဒရုန်းဗုံးကျရောက်ခြင်းနှင့် စစ်ကြောင်းလှည့်လည်နေခြင်းတို့ကြောင့် ဒေသခံများ မိမိနေ အိမ်၌စိတ်မလုံမခြုံဖြင့် သတိထားနေထိုင်ရသည့်အပြင် စစ်မှုထမ်းခေါ်ယူသည့်ကိစ္စများကြောင့်ပါ လူငယ်အများစု နေအိမ်ရှောင်တိမ်း ညအိပ်ရသည်တို့ပြုလုပ်ရသည်ဟု ဒေသခံများကဆိုသည်။
ပြီးခဲ့သည့် မတ်လ (၆) ရက်နေ့ ကလည်း ရန်ကုန်-မော်လမြိုင်လမ်းမကြီးပေါ်ရှိ အလူး ကျေးရွာအနီးတွင် လမ်းလုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့်တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိခဲ့သေးသည်။