Home ဆောင်းပါး တောထွက်သီးရွက်စုံ မဲစလစ် နံနက်ခင်းဈေး

တောထွက်သီးရွက်စုံ မဲစလစ် နံနက်ခင်းဈေး

263
Photo- KIC

တောထွက်သီးရွက်စုံ မဲစလစ် နံနက်ခင်းဈေး

ထူးကပေါ် (မတ် ၁၀၊ ၂၀၂၅)

နေ့ပူ ညချမ်းတပေါင်းလရာသီ ဆိုသလို နံနက်ခင်းက အေးမြမြ၊ နွေဦးရာသီဖြစ်၍ ပတ်ဝန်းကျင်တခွင် ကြည်လင် သာယာနေပြီး ဒေါနတောင်တန်း၊ တောင်စွယ်များက ဟိုတစ်စုဒီတစ်စု။

ဒေါနတောင်တန်းတလျှောက် တမူထူးသည့် တောင်မှ မြောက်သို့ စီးဆင်းနေသည့် သောင်ရင်းမြစ်သည် ထိုင်း- မြန်မာနယ်ခြားမြစ်အဖြစ် စီးဆင်းသွားသည်။ မြစ်က ထိုင်းနှင့် ကော်သူးလေကို ခြားထားသကဲ့သို့ ဖားအံခရိုင်၊ လှိုင်းဘွဲ နယ်စပ်ရှိ မော်ပယ်ခို့ ရွာနှင့် တဖက်ကမ်းရှိ ထိုင်းနိုင်ငံ မဲစလစ် ရွာကိုလည်း သောင်ရင်းမြစ်က ခြားထား သည်။

မဲစလစ်ရွာသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်အတွင်းတည်ရှိပြီး မဲဆောက်မြို့မှ ကီလိုမီတာ ၂၀၀ ကျော်ဝန်းကျင် ဝေးသည်။ နယ်စပ်ရွာလေးတစ်ခုဖြစ်သလို တဖက်ခြမ်းတွင်မူ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၇ မော်ပယ်ခို့ရွာ တည်ရှိသည်။

ထိုမဲစလစ်ရွာသည် ထိုင်းကရင်တိုင်းရင်းသားတို့ အများစုနေထိုင်ကြပြီး တောင်ပေါ်စကောကရင်စကားကို အများစု ပြောဆိုလေ့ရှိသည်။ မဲစလစ်ရွာ၌ အပတ်စဉ်သောကြာနေ့တိုင်း သောကြာဈေး၊ ထိုင်းအခေါ် ‘ခေါ်ထို’ (နံနက်ခင်း ဈေး)ရှိပြီး ကော်သူးလေဘက်ခြမ်းအပါအဝင် နယ်စပ်အနီးတဝိုက် ကျေးရွာများအတွက် အားထားရသည့် ဈေးဖြစ် သည်။

နေခြည်ဖျာချိန် နံနက် ၇ နာရီကျော်ချိန်တွင် မဲစလစ် သောကြာဈေးသည် စည်ကားနေလေပြီ။ ဈေးသို့ တပတ် လျှောက်ကြည့်ချိန် ကရင့်ရိုးရာများအပါအဝင် အဝတ်အထည်များ၊ မိုဘိုင်းဖုန်းသုံးပစ္စည်းများ၊ အထွေထွေ အိမ်သုံး ပစ္စည်းများစသည့် အခြေခံလူသုံးကုန် စုံစုံလင်လင်ကိုတွေ့ရသည်။

ထို့အပြင် လတ်ဆတ်သည့် ကြက်၊ ဝက်သားကြော်၊ နံနက်စာ အဆာပြေ စားသောက်ကုန်များကိုလည်း တွေ့ရပြီး လတ်ဆတ်သည့် သား၊ ငါးစုံတို့ကို သတိမူတွေ့မိသည်။

ထူးခြားသည်မှာ တောင်ပေါ်ဒေသထွက် ဟင်းသီးဟင်းရွက်နှင့် အသီးအနှံစုံတို့ကို သဘာဝအတိုင်း တောင်ပေါ် ရွာသူ၊ ရွာသားများက ရောင်းချနေပြီး မြေပြန့်သားမိမိအတွက်မူ တချို့ဆိုလျှင် အမျိုးအမည်မသိ ဟင်းရွက်များ ဖြစ်လို့နေသည်။

မဲစလစ် အပတ်စဉ် သောကြာဈေးသည် ယခင်ချိန်က ယခုလို တစ်ပတ်တစ်ခါမဟုတ် ဆယ်ရက်တစ်ခါသာ လာရောက်ရောင်းချသည်ဟု မဲစလစ်ရွာသား ထိုင်းကရင်တိုင်းရင်းသား အဖူးတစ်ဦးက ပြောသည်။ ဈေးရောင်သူ တချို့က မဲစလစ်သောကြာနေ့ ဈေးပြီးလျှင် တခြားမဲ့သဝေါရွာ စနေဈေး၊ ထိုနောက် တခြားတနေရာ စသည်ဖြင့် လှည့် လည်ရောင်းချနေကြခြင်းဖြစ်သည်ဟု သူက ပြောသည်။

သို့သော် တဖြည်းဖြည်းလူနေများလာ၍ ထိုင်းတာဝန်ရှိသူတို့က ယခုလို တစ်ပတ်တစ်ကြိမ်ဖွင့်လှစ်ရန် စီစဉ်ပေး ထားခြင်းဖြစ်သည်။ ဈေးသို့ ကော်သူးလေဘက်ခြမ်းရှိ ရွာသားများအပါအဝင် မဲစလစ် အနီးတဝိုက် တောင်ပေါ်ရွာ သားများ ဈေးလာဝယ်လေ့ရှိသလို ရောင်းချသူများလည်းရှိသည်ဟု ၎င်းက ရှင်းပြသည်။

“မဲစလစ်နဲ့ မဲတန်မှာဈေးရှိတယ်။ အဲ့ကိုသွားရင် အချိန်ကုန်တယ် ကားခ၊ ဆိုင်ကယ်ဆီဖိုးလည်းကုန်တယ်။ ဒီတော့ ရွာသား‌တွေက တစ်ပတ်တစ်ခါ ဖွင့်တဲ့ ခေါ်ထို (သောကြာဈေး) ကိုပဲ အားထားဝယ်ကြတယ်။ တခုခုဆို ခေါ်ထိုမှာပဲ ဝယ်ဖို့ အားသန်ကြတယ်” ဟု ထိုအဖူးက ပြောသည်။

Photo- KIC

ထိုဈေးသို့ ထိုင်းနှင့် ကော်သူးလေ နှစ်ဖက်စလုံးမှ တောင်ပေါ် ဒေသထွက် တို့စရာဟင်းရွက်စုံတို့ကို ပုံစံအမျိုးမျိုး ဖြင့်လာရောက် ရောင်းချလေ့ရှိသည်။ ဈေးဝယ်ရာ၌လည်း အများစုက တောင်ပေါ်စကောကရင်စကား ပြောဆို ရောင်းဝယ်လေ့ရှိသည်ကို သတိထားမိသည်။

ထိုသို့ တောင်ပေါ်စကောကရင်စကားပြောဆို ရောင်းချခြင်းသည် မထူးဆန်းဟု ဆိုနိုင်သည်။ အဘယ်ကြောင့် ဆိုသော် ထိုင်းအစိုးရက ကုလသမဂ္ဂလူမျိုးအပေါ်မူတည်၍ နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်နှင့် ပတ်သက်၍ ကော်မတီသို့ ၂၀၁၁ ခုနှစ်တွင်ပေးပို့သည့် အစီရင်ခံစာ အရ ထိုင်း၌ ဘာသာစကား ၆၂ မျိုးရှိသည်ဟု တရားဝင် အသိအမှတ်ပြုထားသည်။

အဆိုပါ ၂၀၁၁ အစီရင်ခံစာထဲ၌ တောင်တန်းဒေသနေ ကရင်လူမျိုး ၃၅၀,၀၀၀ ခွဲ့ခန့် နေထိုင်သည်ဟု ဖော်ပြ ထားသည်။

ပလိုင်းစုံတို့ဖြင့် တောထွက် ဟင်းသီးဟင်းရွက်စုံ ရောင်းဝယ်သူ များကိုတွေ့ရပြီး ပူပင်သောကကင်းကာ ရောင့်ရဲ တတ်သည့် စိတ်နေဟန် တောင်ပေါ်တိုင်းရင်းသားတို့ ရောင်းချနေသည်ကို တွေ့ရသည်။

တောင်ပေါ်ဒေသထွက် ဟင်းရွက်များ ဖြစ်သည့် တောဂွေးသီး၊ ကြိမ်ခါးဖူး၊ တာခါတော့(ခေါ) တို့စရာ အရွက်များနှင့် ဒညင်းသီးဆားရေစိမ်၊ လတ်လတ်ဆတ်ဆတ် အမည်မသိ ဟင်းရွက်များ ရာသီထွက် မရမ်းသီး စသည်ဖြင့် စုံစုံလင်လင် ရောင်းဝယ်နေကြသည်။ တောင်ပေါ် ဒေသထွက် ဟင်းသီးဟင်းရွက် သီးနှံစုံ တွေ့ရသည့် မဲစလစ် သောကြာဈေးသို့ မြေပြန့်သားတို့ အခွင့်သင့်လျှင် တစ်ခါတစ်ခေါက် လေ့လာ လည်ပတ်စေလိုသည်။