Home သတင်း ဆင်ထိုးကြီးရွာဂိတ်တွင် ပစ်သတ်ခံရသည့် အရပ်သားနှင့် လသားကလေးအမှု တာဝန်ရှိ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းထားဟု KNU ပြော

ဆင်ထိုးကြီးရွာဂိတ်တွင် ပစ်သတ်ခံရသည့် အရပ်သားနှင့် လသားကလေးအမှု တာဝန်ရှိ တပ်ဖွဲ့ဝင်များကို ထိန်းသိမ်းထားဟု KNU ပြော

193
Photo: CJ

မတ်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၄) ကစယ်ဒိုမြို့နယ်၊ ဆင်ထိုးကြီးရွာရှိ KNLA စစ်ဆေးရေးဂိတ်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ပစ်သတ်ခံရလိုက်ရသည့် အရပ်သား တစ်ဦးနှင့် လက်မှလွတ်ကျသေဆုံးသော ကလေးငယ် တစ်ဦးတို့အမှုအား တာဝန်ရှိသည့် တပ်ဖွဲ့များကို ထိန်းသိမ်းထားကြောင်း တပ်မဟာ ၄ တာဝန်ရှိသူက ပြောသည်။

ထိုနေ့ည ၇ နာရီဝန်းကျင်က ကလေးနေမကောင်းသဖြင့် အရေးပေါ်ဆေးရုံပြရန် ပလောက်မြို့ ပေါ်သို့လာသည့် ပိတောက်ကြီးရွာနေ အရပ်သားဇနီးမောင်နှံ မောင်းနှင် လာသောဆိုင်ကယ်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁-၂ တာဝန်ကျသည့် ဂိတ်ကိုဖြတ်သန်းစဥ် အရှိန်လွန်၍ဆိုင်ကယ်ရပ်မိပြီးမှ ပစ်ခတ်ခံလိုက်ရခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် အမျိုးသားဖြစ်သူသေဆုံးခဲ့ရသလို KNLA တပ်ဖွဲ့ဝင်များက လိုက်ဖမ်းသဖြင့် ထွက်ပြေးသူအမျိုးသမီးလက်ဝယ် ချီပိုးထားသော လသားအရွယ်ကလေးငယ်မှာလည်း လက်မှလွတ်ကျပြီးနောက် သေဆုံးခဲ့သည်။

ယင်းအမှုနှင့်ပတ်သက်ပြီး တာဝန်ရှိသည့် တပ်ခွဲများမှ တပ်ဖွဲ့ဝင်များအား KNLA တပ်ရင်း ၁၂ က ပြန်ခေါ်ထိန်းသိမ်းထားပြီး တပ်မဟာသို့ လွှဲပြောင်းရန် စီစဉ်နေဆဲဖြစ်သည်ဟု တပ်မဟာ(၄)တာဝန်ရှိသူတစ်ဦးက ပြောသည်။

Photo: CJ

“အမှားလုပ်ရင် တပ်မဟာကိုပို့ဖို့ အရေးယူဖို့ သူတို့(တပ်ရင်း-၁၂)တပ်ရင်းမှူးက ပြောပြီးပြီ။ အခု သူလည်းခရီးထွက်နေတယ်။ ဒါပေမဲ့ လောလောဆယ် တပ်ရင်းမှူးမရှိလို့ ထင်တယ်။ ခရိုင်အထိ ရောက်မလာသေးဘူး။ တပ်ရင်းမှာ ထိန်းသိမ်းထားတုန်းပဲ။ သူတို့ ပို့တော့ပို့ရမယ်လေ” ဟု အဆိုပါ တာဝန်ရှိသူက ကေအိုင်စီသို့ ယနေ့ ပြောသည်။

အမှုနှင့်ဆက်စပ်ပြီး လက်နက်ကိုင်တပ်ဖွဲ့အား လူမှုကွန်ရက်မှတဆင့် ပြည်သူဝေဖန်မှုမြင့်တက်နေသလို လူသတ်မှု၊ လူသေစေမှု ကျူးလွန်သူများကို ထိထိရောက်ရောက်အပြစ်ပေးအရေးယူရေးကိုလည်း လူထုက တောင်းဆိုလျက်ရှိသည်။

ယင်းကိစ္စအပေါ် အရေးယူဆောင်ရွက်မည့်အပိုင်းနှင့်ပတ်သက်၍ တပ်မဟာ(၄) ဘိတ်-ထားဝယ် ခရိုင် ဥက္ကဋ္ဌ ပဒိုစောအယ်နာအား ကေအိုင်စီ-ကရင်သတင်းဌာနက မေးမြန်းခဲ့ရာ လတ်တလောတွင် ဖြေကြားနိုင်ခြင်းမရှိသေးဟု အကြောင်းပြန်သည်။