Home သတင်း စစ်ကြောင်း ၄ ကြောင်းဖြင့် ကော့ကရိတ်ကျေးရွာများဘက် တိုးဝင်လာသော စစ်ကောင်စီတပ် အကျအဆုံးများနေ

စစ်ကြောင်း ၄ ကြောင်းဖြင့် ကော့ကရိတ်ကျေးရွာများဘက် တိုးဝင်လာသော စစ်ကောင်စီတပ် အကျအဆုံးများနေ

415
Photo: Social Media

မတ်လ ၁၇ ရက်၊ ၂၀၂၅ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကြောင်း ၄ ကြောင်းဖြင့် တိုးဝင်လာသော စစ်ကောင်စီအောင် ဇေယျစစ်ဆင်ရေးစစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်းတပ်များ ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်နေသည့်အတွက် ထိခိုက်သေဆုံးမှုများပြားလျက်ရှိ ကြောင်း တော်လှန်ရေးသတင်းအရင်းအမြစ်များက ပြောသည်။

ကော့ကရိတ်မြို့မှ မြဝတီအာရှလမ်း၊ ဒေါနတောင်လမ်းဟောင်းနှင့် ကော့ကရိတ်တောင်ပိုင်း ကျေးရွာဘက်သို့ စစ်ကြောင်း ၄ ကြောင်းခွဲကာ ထိုးဖောက်ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် မတ်လ ၁ ရက်မှ ၁၅ ရက်နေ့အထိ နေ့စဉ်လိုလို ကြားဖြတ်တိုက်ခိုက်မှု ဖြစ်ပွားလျက်ရှိသည်ဟု KNLA မဟာမိတ် ပူးပေါင်းတပ်ဖွဲ့သတင်း အရင်းအမြစ်က ပြောသည်။

KNLA စစ်ကြောင်း သတင်းအရင်းအမြစ်က “စကစ စစ်ကြောင်းခွဲတိုက်နေတာမှာ ကိုယ့်ဘက်က KNLA / PDF ပူးပေါင်းအဖွဲ့တွေက ကြားဖြတ်တိုက်နေတာ နေ့တိုင်းဖြစ်နေတယ်။ စစ်တပ်က ၁၄၊ ၁၅ရက်အထိ တတန်ကူးမှာ တော်တော်ကျတယ်။ တောင်ပေါ်ရောက်နေတဲ့စစ်ကြောင်းတောင် အောက်ပြန်ဆင်းလာရတယ်။ ကိုယ့်ဘက် က လည်း စကစဒရုန်းချတာကြောင့် ကျဆုံးတာ ထိတာရှိတယ်။ စကစဘက်ကတော့ ပိုများတယ်။ ကျုံဒိုးစကစက သူတို့လူနာ သူတို့လာသယ်တာမျိုးရှိတယ်”ဟု ပြောသည်။

ထိုသို့ တိုက်ပွဲအတွင်း စစ်ကောင်စီက ကျေးရွာရှိ နေအိမ်များနှင့် ကျေးရွာဘုန်ကြီးကျောင်းများ မီးရှို့ ဖျက် ဆီးခြင်းအပြင် ကင်းပုန်းဝပ်ပြီး ဒေသခံရွာသားများကို ဖမ်းဆီးစစ်ဆေး မေးမြန်း ခြိမ်းခြောက်မှုများ လုပ်ဆောင်နေ သည့်အတွက် ဒေသခံရွာသားများမှာ ကော့ကရိတ်မြို့ဘက် သွားလာမှုခက်ခဲနေကြောင်း ကော့ကရိတ် တောင်ပိုင်းရှိ ဒေသခံများက ပြောသည်။

” အံကောင်တို့၊ သုံးဆယ်သုံးဆူတို့ကလူတွေ ကော့ကရိတ်ဘက်သွားလို့မရကြဘူး။ မိကသိမ်ကုန်း၊ မြို့ ဟောင်းဘက်၊ အံဖဘက်မှာ စစ်ကြောင်း ကင်းဝပ်နေတယ်။ မြို့ထဲက ဘုန်းကြီး ကျောင်းတွေလည်း မီးရှို့ တာကုန်ပြီ။ တတန်ကူး၊ ကော့နွဲအိမ်တွေ ကုန်ပြီ စစ်တပ်မီးရှို့တာ၊ လမ်းသွား၊ ဈေးသွားသူတွေကို PDF ထောက်ပို့ဈေးဝယ်ခိုင်းတဲ့ကိစ္စမျိုးတွေ စစ်‌‌တယ်။ အသွားအလာမလုပ်ရဲကြဘူး” ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယခု မတ်လအတွင်း စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေး စစ်ကြောင်းများ အင်အား ရာချီဖြည့်တင်းပြီး ထိုးစစ်ဆင်တိုက်ခိုက်နေသည့်အတွက် ကော့ကရိတ်အနီးရှိ ကော့နွဲ၊ တတန်ကူး၊ ရန်ကုတ် ကျေးရွာများဘက်တွင် KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ယနေ့ မတ်လ ၁၇ ရက်အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း တော်လှန်ရေးတပ်ဖွဲ့သတင်းအရင်းအမြစ်များက ပြောသည်။