Home သတင်း ကော့ကရိတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့

ကော့ကရိတ်တွင် စစ်တပ် လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသားနှစ်ဦး သေဆုံးခဲ့

612
Photo: KNU

မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်၊ တဘလုခို့ခီးကျေးရွာတွင် မတ်လ(၁၉)ရက်နေ့က စစ်ကောင်စီ၏ Yak-130 အမျိုးအစား ဂျက်တိုက်လေ ယာဥ်တစ်စင်းဖြင့် လာရောက်ကြဲချခဲ့မှုကြောင့် ဒေသခံအမျိုးသား(၂)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူ-ဗဟိုဘက်က ထုတ်ပြန်သည်။

တဘလုခို့ခီးကျေးရွာနေ အသက်(၃၀)ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦးမှာ ထိုနေ့ နေ့လည် ၁၁ နာရီခွဲခန့်က ရွာနားပတ်လည်တိုက်ပွဲဖြစ်ခြင်းမရှိဘဲ လေကြောင်းမှတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပြီး နေအိမ်(၁)လုံးနှင့် ဂိုဒေါင်တစ်လုံးပါ ပျက်စီးထိခိုက်ခဲ့ရသည်ဟု ကေအဲန်ယူ-ဗဟိုဘက်ကဆိုသည်။

ပြီးခဲ့သည့်နှစ်ကတည်းက အာရှလမ်းမကြီးကိုစိုးမိုး၍ စစ်ကောင်စီ မြဝတီမြို့သို့ မဝင်ရောက်နိုင်ရန်နှင့် ကော့ကရိတ်မြို့ကို ပြန်လည်ရယူနိုင်ရန် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA ပူးပေါင်းတပ်များက ထိုးစစ် ခံစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ပွဲအရှိန်အဟုန်မှာလည်း ဆက်လက်ပြင်းထန်နေလျက်ရှိသည်။

Photo: KNU

စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများသည့်တိုင် အင်အားအကြိမ်ကြိမ်ဖြည့်တင်းကာ ကော့ကရိတ်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ လအလိုက်ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများပြောစကားအရ သိရသလို ဆေးရုံများ၊ ကျောင်းများ၊ ရပ်ရွာများရှိ အရပ်သားပြည်သူပစ်မှတ်ထား စစ်ကောင်စီကတိုက်ခိုက်လျက်ရှိသည်ဟုလည်း ကေအဲန်ယူ-ဗဟိုက ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

မတ်လ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့သော လေကြောင်းတိုက်ခိုက်မှု၌ လူသေဆုံးမှုအပေါ် ထိုင်းသတင်းဌာနအချို့တို့က ဖော်ပြကြသလို ထိုင်း-မြန်မာ နယ်စပ်မျဥ်းနှင့် ၁၀ ကီလိုမီတာသာ ဝေးကွာသောနေရာတွင် ဖြစ်ပွားခဲ့သောကြောင့် ထိုင်းနိုင်ငံ၏အချုပ်အခြာအာဏာနှင့်ပြည်သူ အသက်အိုး အိမ်ထိခိုက်လာမည့်အခြေအနေပေါ် ထိုင်းအာဏာပိုင်တို့မှ စောင့်ကြည့်နေကြကြောင်းလည်း သိရသည်။