Home သတင်း ထိုင်းနိုင်ငံတွင်း ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၇၀ နီးပါး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတွင်း ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသည့် မြန်မာနိုင်ငံသား ၁၇၀ နီးပါး ဖမ်းဆီးခံရ

1140
Photo: Scand Asia

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကုန်တင်ကားနှင့် မှောင်ခိုတင်သွင်းလာသော မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၆၉ ဦးကို ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းတစ်နေရာတွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့သည်ဟု ဇန်နဝါရီ (၃၁) ရက်နေ့တွင် Scand Asia သတင်းဌာန၌ ဖော်ပြထားသည်။

အဆိုပါ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား (၁၆၉) ဦးကို တင်ဆောင်လာသော (၂၂) ဘီး ထရပ် ကား တစ်စီး၏ နောက်တွဲတွင် ဝှက်ထားပြီး ယမန်နေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ကန်ချနဘူရီခရိုင်၊ Thong Pha Phum လမ်း စစ်ဆေးရေးဂိတ်တစ်ခုကို ဖြတ်မောင်းလာချိန်တွင် ထိုင်းအာဏာပိုင်များ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ထိုသတင်းဌာနက ရေးသားထားသည်။

ဖမ်းဆီးခံရသူထဲတွင် အမျိုးသား (၁၀၂) ဦးနှင့် အမျိုးသမီး (၆၇) ဦးတို့ပါဝင်ပြီး ခေါ်ဆောင်လာသည့် ထိုင်းနိုင်ငံသားဖြစ်သူ အမျိုးသား နှစ်ဦးတို့ကိုလည်း အဖမ်းခံရသည်ဟု သိရသည်။

၎င်းဖမ်းဆီးခံရသူ အသက် (၃၀) အရွယ် ထိုင်းနိုင်ငံသားများသည် ရွှေ့ပြောင်း မြန်မာနိုင်ငံသား (၁၆၉) ဦးအား ကန်ချနဘူရီခရိုင်အတွင်းပိုင်းရှိအလုပ်ရှင်ဆီသို့ ပြန်ပို့ရန်အတွက် ကားခ တစ်ဦးလျှင် ဘတ် (၆၀၀၀) ရယူခဲ့ကြောင်း ၀န်ခံခဲ့သည်ဟုလည်း Scand Asia သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် စီးပွားရေးကြပ်တည်းမှုအပြင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေများကြောင့် ယခုလို အိမ်နီးချင်း ထိုင်းနိုင်ငံဘက်ခြမ်းသို့ ပုံစံမျိုးစုံဖြင့် ယခုလို အလုံးအရင်းလိုက် ဖမ်းဆီးရမှုမှာ စံချိန်တင်ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု မြန်မာပြည်သားအရေးပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ယခုလို ပြောသည်။

Photo: Scand Asia

“ ဒီလကုန်လောက် ဖမ်းခံထိတာ လေးဖွဲ့လောက် ရှိတယ်။ ဒါပေမယ့် ဒီနေ့ ကားပေါ်မှာ လိုက်ပါလာတဲ့ ၁၆၉ ဦးက အများဆုံးပါ။ တာဝန်ရှိသူရဲ့ စစ်မေးချက်အရ မြန်မာနိုင်ငံမှာ အလုပ်အကိုင်ရှားပါးတာရယ် ။ စစ်မှုထမ်း သွားရမှာ ကြောက်လို့ ဆိုပြီး တရားမဝင် ဝင်ရောက်လာတာ ဖြစ်တယ်လို့ ထွက်ဆိုကြတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထိုဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများသည် ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံအတွင်းသို့ သွားရောက်ရန် ပွဲစားခ အနေဖြင့် ဘတ်ငွေ ၁၆၀၀၀ မှ ၂၀၀၀၀ ကြားပေးပြီး လာကြသူများဖြစ်ကြောင်း၊ နယ်စပ်တလျှောက်တွင် နယ်ခြားရဲတပ်ဖွဲ့၏ အထူးစောင့်ကြပ်ဖမ်းဆီးအရေးယူမှုရှိသော်လည်း စွန့်စားသွားလိုသူများ မြှင့်တက်လျက်ရှိ ကြောင်းလည်း JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ဆက်လက်ပြောဆိုသည်။

၎င်းအပြင် ထိုင်း-မြန်မာနယ်စပ်တွင် ဖြစ်ပေါ်နေသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများနှင့် လူကုန်ကူးမှု ဖြစ်စဉ်များ၏ (၆) လတာ နှိမ်နင်းရေး စီမံချက်များကြောင့် ထိုင်းအစိုးရအနေဖြင့် ထိရောက်သော ဟန့်တားမှု လုပ်ဆောင် နေသည့် ယခုကာလအတွင်း ဖမ်းဆီးမှုများနှင့် မလွတ်ကင်းနိုင်ကြောင်း ထိုင်းအရေးဆောင်ရွက်သူများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် တာ့ခ်ခရိုင် မဲဆောက်မြို့ စစ်ဆေးရေးဂိတ်တစ်ခုတွင် ကုန်တင် ကားဖြင့် ခိုးဝှက်၍ လိုက်ပါသော မြန်မာနိုင်ငံသား ၂၆ ဦးဖမ်းဆီးရရှိကြောင်း ထိုင်းအာဏာပိုင်များကို ကိုးကား၍ ထိုင်းသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

Photo: Scand Asia