အယ်ဒီတာ့အာဘော်
နှလုံးမူရမည့် ကော်ခိုစောဘဦးကြီး၏ တော်လှန်ရေးအောင်မြင်ရေး နည်း ၃သွယ်ကို ချိန်ထိုးလေ့လာခြင်း
ယနေ့ ဇန်နဝါရီ ၃၁ရက်၊ ၂၀၂၅ရက်သည် ကရင့်တော်လှန်ရေး ၇၆နှစ်ပြည့်သည့်နေ့ရက် ဖြစ်သည်။ ယခုလို ကရင့်တော် လှန်ရေး နှစ်ပတ်လည် အချိန်အခါ၌ ထူးခြားတိုက်ဆိုင်သည်မှာ မြန်မာနိုင်ငံတဝန်းလုံး၌ စစ်အာဏာရှင်တော်လှန်ရေး ပြည်တွင်းစစ်အရှိန် မြင့်တက်နေချိန်လည်း ဖြစ်သည်။
ထိုသို့ နိုင်ငံတဝန်းလုံး စစ်အာဏာရှင်တော်လှန်ရေး အောင်မြင်ရန် နည်းလမ်းအသွယ်သွယ်ဖြင့် ဖော်ဆောင်နေချိန်၌ တော်လှန်ရေးအောင်မြင်ပြီး ကရင့်တို့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးကာ ပြီးပြည့်စုံသည့် ကရင်ပြည်နယ်ရရှိရေးအတွက် ကော်ခိုစောဘဦးကြီး မှာကြားခဲ့သည့် နည်းသုံးသွယ်ကို ပြန်အမှတ်ရ တင်ပြလိုသည်။
လွန်ခဲ့သည့် ၇၅ နှစ်ခန့် ၁၉၅၀ ပြည့်နှစ် ဇူလိုင် ၁၇ရက်မှ ၁၉ရက်နေ့ထိ ဖာပွန်မြို့၌ ကေအဲန်ယူ ကွန်ဂရက်၌ ကော်ခို စောဘဦးကြီးက တော်လှန်ရေးအောင်မြင်ပြီး ပြီးပြည့်စုံသည့် ကရင်ပြည်နယ်ရရန် နည်းလမ်း-၃သွယ်ရှိကြောင်း၊ ယင်းတို့မှာ
၁။ ရန်သူက ပေးချင်သည့်စိတ်ဆန္ဒကြောင့် ရရှိခြင်း
၂။ ရန်သူကို အနိုင်တိုက်၍ ရရှိခြင်း
၃။ ပြင်ပ အခြေအနေ တွန်းပို့မှုကြောင့် ရရှိခြင်း – ဟူ၍ ဖြစ်သည်။
ထိုအချက် ၃ချက်ကို မျက်မှောက်အခြေအနေနှင့် ပြန်နှိုင်းယှဉ်ကြည့်မည်ဆိုလျင် ပထမအချက်ဖြစ်သည့် ‘ရန်သူကပေး ချင်သည့်စိတ်ဆန္ဒကြောင့် ရရှိခြင်း’ဟုဆိုရာ၌ လက်ရှိ စစ်ကောင်စီက တိုင်းပြည်အကျိုးကို ရှေးရှုပြီး တိုင်းရင်းသားပြည် သူတစ်ရပ်လုံးလိုလားသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးအတွက် စစ်တန်းလျားပြန်ရန်လိုသည်။
သို့သော် စစ်ကောင်စီအနေဖြင့် ယနေ့အချိန်ထိ စစ်တန်းလျားပြန်ရန် အစီအစဉ်မျိုးမရှိသေးပေ။ အကြောင်းမှာ ယနေ့ ၂၀၂၅ ဇန်နဝါရီလ ၃၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ၏ ပုဒ်မ ၄၂၅နှင့် အညီ “နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆လ တိုးမြှင့်သတ်မှတ် ကြောင်း” စစ်ကောင်စီ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး ၁/၂၀၂၅အရ ဆုံးဖြတ်လိုက်၍ ဖြစ်သည်။
ဒုတိယအချက်ဖြစ်သည့် ‘ရန်သူကို အနိုင်တိုက်၍ ရရှိခြင်း’ ဆိုသည့်အချက်မှာမူ အများသိနှင့်ပြီးဖြစ်သည့် နိုင်ငံတဝန်း စစ်ကောင်စီက တစ်စထက်တစ်စ စစ်ရှုံးနေပြီး ဖြစ်သည်။ ၂၀၂၄ခုနှစ်အတွင်း စစ်တိုင်းကြီးနှစ်ခု အသိမ်းခံရခြင်းနှင့် နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၃၃၀အနက်မှ ၁၄၅မြို့သာ ထိန်းချုပ်နိုင်တော့သည်အထိ အခြေအနေမှာ ဆိုးရွားနေသည်။ ထို့ကြောင့် ရန်သူကို အနိုင်တိုက်၍ ရရှိခြင်းဟူသည် ရွက်ဖွင့်တက်လှော် ညီညွှတ်မှုနှင့် သတိတရားရှိမှုပါက အလှမ်း ဝေးသည့် အခြေအနေမဟုတ်ဟု ဆိုနိုင်သည်။
တတိယအချက်ဖြစ်သည့် ‘ပြင်ပအခြေအနေ တွန်းပို့မှုကြောင့် ရရှိခြင်း’သည် လက်ရှိ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတ ကာတို့မှ အကြောင်းတစ်စုံတစ်ရာကြောင့် တော်လှန်ရေးအောင်နိုင်ရန် အကျိုးသက်ရောက်မှု ဖြစ်ပေါ်လာခြင်းဟု နားလည်နိုင်သည်။ ယခုနှစ်ဆန်းပိုင်းတွင်လည်း စစ်ကောင်စီက ရွေးကောက်ပွဲကို ရသမျှတွန်းထိုးနေသည့် အချိန်ကာ လအတွင်း အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာတွန်းအားကလည်း အဆိုးအကောင်းမှန်းမသိ ဖြစ်ရှိလာသည်။
သမိုင်းကိုပြန်ကြည့်လျင် ကရင့်အမျိုးသားခေါင်းေဆာင် စောဘဦးကြီး ကရင့်အမျိုးသားရေးနှင့် တော်လှန်ရေးကို ဦးဆောင်နေချိန် ကမ္ဘာ့ရေးရာများက မြန်မာနိုင်ငံသို့လည်း ရိုက်ခတ်မှုရှိခဲ့သည်။ ထင်ရှားမှုတစ်ခုအနေဖြင့် ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၄၁ခုနှစ်၊ ဩဂုတ် ၁၄ရက်နေ့တွင် ထိုစဉ်က အမေရိကန်သမ္မတ ရုစ်ဗဲ့နှင့် ဗြိတိသျှဝန်ကြီးချုပ်ဝင် စတန်ချာချီ တွေ့ဆုံဆွေးနွေးချုပ်ဆိုခဲ့သည့် အတ္တလန်တိတ်စာချုပ်(Atlantic Charter)စာချုပ်အရ အမေရိကန်တို့သည် ဒုတိယကမ္ဘာစစ်တွင် မဟာမိတ်တို့ဘက်က ကူညီမည်ဖြစ်ပြီး ထို့အတွက် ဗြိတိသျှတို့အနေဖြင့်လည်း ကိုလိုနီနိုင်ငံများ နှင့် ယင်းတို့အထဲရှိ တိုင်းရင်းသားလူမျိုးများကို လွတ်လပ်ခွင့်ပေးရမည်ဟူ၍ သဘောတူခဲ့ကြသည်။
ထို့ကြောင့် ဒုတိယကမ္ဘာစစ်ပြီးချိန်တွင် အများသိကြသည့်အတိုင်း ကိုလိုနီနိုင်ငံများ လွတ်လပ်ရေးရခဲ့ကြသည့်အထဲ မြန်မာနိုင်ငံ ပါဝင်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် တိုင်းရင်းသားလူမျိုးစုများမှာမူ လွတ်လပ်ရေး မရရှိခဲ့ပေ။ သို့သော် မျက်မှောက်အခြေအနေတွင်မှု နိုင်ငံတိုင်းက မိမိတို့နိုင်ငံ၏ အကျိုးစီးပွားကိုသာ ဦးထိပ်ပန်ဆင်လာကြသည်။ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံကြီးတစ်ခုဖြစ်သည့် အမေရိကန်ပြည်ထောင်စုသည်ပင်လျင် လက်ရှိသမ္မတသစ် ဒေါ်နယ်ထရမ့်က မိမိနိုင်ငံအကျိုးစီးပွားသာ ဦးစားပေးရေးမူဝါဒအမိန့် ထုတ်ပြန်လုပ်ေဆာင်မှုမှာ ထင်ရှားသောသာဓကဟု ဆိုနိုင်သည်။
အနှစ်ချုပ်ရလျင် ကုန်လွန်ခဲ့သည့် ၇၅နှစ်ကတည်းက ကော်ခိုစောဘဦးကြီး၏ တော်လှန်ရေးအောင်မြင်ရေး နည်း ၃သွယ်မှာ ယနေ့ထက်တိုင် နှလုံးမူစရာ နည်းလမ်းများဖြစ်ပြီး မျက်မှောက်ခေတ်တော်လှန်ရေးအောင်မြင်ရန် မည်သည့် နည်းလမ်းသစ်များကိုပါ ထည့်သုံးကျင့်ကြံသွားရမည်ကို တော်လှန်နေသူများနှင့် တိုင်းရင်းသားပြည်သူပြည်သားများ သတိချပ် ေဆာင်ရွက်သွားကြရန်မှာ အရေးကြီးဆုံးသာ ဖြစ်ပေသည်။



















