Home သတင်း မြဝတီ၊ ကော့ကရိတ်ဒေသအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် နေ့၊ညတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး

မြဝတီ၊ ကော့ကရိတ်ဒေသအတွင်း စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးဖြင့် နေ့၊ညတိုက်ခိုက်မှု နေအိမ်များ ထိခိုက်ပျက်စီး

906
Photo: CJ

ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကမိုင်ကုန်း၊‌ တောင်ကြာအင်း ကျေးရွာနှင့် မြဝတီမဲကနယ်၊ ရွှေမြစန္ဒီကျေးရွာ များအား စစ်တပ်၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် နေ့ရောညပါ တိုက်ခိုက်မှုကြောင့် အရပ်သားနေအိမ်နှင့် ကျေးရွာအုပ်ချုပ်ရေးရုံးများ ထိခိုက်ပျက်စီးကြောင်း နယ်မြေခံသတင်းအရင်းအမြစ်များက ပြောဆိုချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၀ ရက်၊ နေ့လည်ပိုင်းနှင့် ညပိုင်းတွင် ခြေလျင်တပ်ရင်း -ခလရ ၉၇ နှင့် စစ်ဆင် ရေးကွပ်ကဲမှုဌာနချုပ်-စကခ ၁၂ မှ လက်နက်ကြီးနှင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ကမိုင်ကုန်းကျေးရွာရှိ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီ တောင်ကြာအင်းကျေးရွာတွင်လည်း နေအိမ် ၂လုံး ထိခိုက် ပျက်စီးခဲ့သည်ဟု ဒေသခံနှင့် တော်လှန်ရေးစစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

ထိုနေ့ တစ်ရက်တည်းတွင်ပင် စစ်ကောင်စီ လေကြောင်းမှ ပေါင် ၅၀၀ ဗုံးသီးချတိုက်ခိုက်မှုကြောင့် မြဝတီမြို့ မဲကနယ်ကျေးရွာနှင့် ရွှေမြစန္ဒီကျေးရွာနေအိမ်အချို့နှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံး ထိခိုက်ပျက်စီးခဲ့ကြောင်းလည်း နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

“ကမိုင်ကုန်းနဲ့ တောင်ကြာအင်းဘက်အိမ်တွေ ပျက်စီးတယ်။ ကျုံဒိုး ခမရ ၅၄၅ ၊ စကခ ၁၂ ၊ ခလရ ၉၇ က ပစ် ထုတ်တာပေါ့။ မြဝတီဘက်မှာက မဲကနယ်ညီနောင်သင်္ချိုင်း နောက်ဘက်နဲ့ မြစန္ဒီအုပ်ချုပ်ရေးရုံးကို လေယာဉ် ပေါင် ၅၀၀ ဗုံးကြဲတယ်။ လူတွေကတော့ ရှောင်အိပ်ရှောင်နေကြတာမို့ မထိဘူး။ PDF ဘက်ကတော့ ထိတယ် ကြားပေမယ့် အတိအကျ မသိသေးဘူး”ဟု KNLA စစ်ရေး နယ်မြေသတင်းအရင်းအမြစ်က ပြောသည်။

Photo: CJ

လက်ရှိ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီဒေသများတွင် စစ်ကောင်စီတပ်ဘက် စစ်ရေးအရှိန်မြှင့် တိုက်ခိုက် နေသည့်အတွက် KNLA မဟာမိတ်ပူးပေါင်းတပ်များနှင့်နေ့စဉ်ပစ်ခတ်တိုက်ခိုက်မှုရှိနေကြောင်း စစ်မြေပြင် သတင်းအရင်းအမြစ်အရ သိရှိရသည်။

အဆိုပါ တိုက်ပွဲဖြစ်စဉ်များကြောင့် ကော့ကရိတ်၊ ကျုံဒိုး၊ အာရှလမ်းသစ်နှင့် ကျေးရွာများတွင် နေထိုင်သူဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေထိုင်နေကြရကြောင်း ဒေသခံ စစ်ဘေးရှောင်အရေးကူညီနေသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ကော့ကရိတ်အခြေစိုက်စစ်ဘေးရှောင်အရေး ကူညီနေသူ အမျိုးသမီးတစ်ဦးက “ရွာသားကတော့ ရွာတန်း ရှည်ဘက် ၊ ဖားကျ၊ သမိန်ဒွတ်၊ ဝင်းကဘက်တွေ ရှောင်ကြပေါ့၊ ကျုံဒိုးကဆိုရင် ဂျိုင်းမြစ်တစ်ဘက်ကမ်း၊ ရွှေဖြူတို့၊ ဂျိုင်းရွာကြီးတို့၊ မနီကုန်းတို့၊ သာမညတို့ဘက် ရှောင်ကြရတာပေါ့၊ အားလုံးပေါင်းကတော့ ထောင်ဂဏန်းပေါ့ စာရင်းတော့ မကောက်နိုင်ဘူး။ ကော့ကရိတ်က လူတွေလည်း မော်လမြိုင်၊ ဖားအံ ပြန်သွားနေကြသလို ရပ်ကွက်ထဲဆက်နေတဲ့သူလည်းရှိတာပေါ့” ဟု ပြောသည်။

လတ်တလော ကရင်ပြည်နယ်အတွင်း အဓိက ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပိုင်းကို စစ်ကောင်စီ က ပြန်လည် စိုးမိုးသိမ်းပိုက်နိုင်ရန်မြေပြင်စစ်ကြာင်းထိုး တိုက်ခိုက်ခြင်း၊ လေကြောင်း ဗုံးကြဲခြင်းအပြင် လက်နက်ကြီးပစ်ခတ်တိုက်မှုဆက်တိုက်လုပ်ဆောင်လျက်ရှိသည်။ သို့သော် ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်မှုများနေ့ ရောညပါ လုပ်ဆောင်နေသော်လည်း ကျုံဒိုးမှမြဝတီအထိ နယ်မြေစိုးမိုးထားနိုင်ခြင်းမျိုးမရရှိသေးကြာင်း စစ်ရေး နယ် မြေသတင်းအရင်းအမြစ်ပြောစကားအရ သိရသည်။