Home တွေ့ဆုံမေးမြန်းခန်း “နည်းမှန်လမ်းမှန်၊ တိုင်ပင် ဆွေးနွေးဆောင်ရွက် မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတာမရှိပါဘူး”

“နည်းမှန်လမ်းမှန်၊ တိုင်ပင် ဆွေးနွေးဆောင်ရွက် မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတာမရှိပါဘူး”

290
Photo: KECD

“နည်းမှန်လမ်းမှန်၊ တိုင်ပင် ဆွေးနွေးဆောင်ရွက် မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကို မလိုလားတာမရှိပါဘူး”

ဒူးပလာယာခရိုင် ပညာရေးနှင့် ယဉ်ကျေးမှုဌာန၊ ဌာနမှူး ပဒိုနော်ဖောသေ့ဒေးနှင့် ဆက်သွယ်မေးမြန်းခြင်း

လက်ရှိ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ထိန်းချုပ်နယ်မြေ၊ ဒူးပလာယာခရိုင် အတွင်း ခရိုင် ပညာရေး ဌာနမဟုတ်သည့် အခြားသော ပညာရေးနှင့် ဆက်စပ်သည့် အဖွဲ့စည်းများ နီးစပ်ရာနှင့် ချိတ်ဆက်ဝင်ရောက်ပြီး ကူညီပံ့ပိုးမှုများ လုပ်ဆောင်ခဲ့ရာ အကျိုးဆက်အနေဖြင့် မညီမျှမှုများ ဖြစ်ပေါ်ခဲ့ပါသည်။

ထိုသို့သော အခြေအနေများကို စနစ်တကျဖြစ်စေရန် ကေအဲန်ယူ-ခရိုင်ပညာရေးဌာန အနေဖြင့် ထိန်းကွပ်လုပ်ဆောင်သွားမည့် အခြေအနေများနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အသိပေး ထုတ်ပြန်ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ထိုအသိပေးကြေညာချက်အပေါ် အခြေခံ၍ ခရိုင်ပညာရေးနှင့် ယဉ်ကျေးမှုဌာနမှူး ပဒိုနော်ဖောသေ့ဒေး နှင့် ဆက်သွယ် မေးမြန်းထားသည်များကို ပြန်လည်ဖော်ပြ လိုက်ပါသည်။

မေး။ ။ ပထမဦးဆုံးအနေနဲ့ ခရိုင် KECD အနေနဲ့ ဒီထုတ်ပြန်ချက်ကို ထုတ်ပြန်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ ရှင်းပြပေးပါဦး။
ဖြေ။ ။ ထုတ်ပြန်ကြေငြာချက်ရဲ့ ရည်ရွယ်ချက်က ကျမတို့ရဲ့ ဒူးပလာယာခရိုင်အတွင်းမှာ KECD က မဟုတ်ဘဲ အခြားပညာရေးနဲ့ဆက်စပ်တဲ့ အရပ်ဖက်အဖွဲ့အစည်းပဲဖြစ်ဖြစ်၊ အစိုးရ မဟုတ်တဲ့ အဖွဲ့အ စည်းပဲဖြစ်ဖြစ်၊ တော်လှန်ရေး အဖွဲ့ပဲဖြစ်ဖြစ်၊ ဘာသာရေးအဖွဲ့ပဲဖြစ်ဖြစ်၊ အဲဒါတွေအားလုံး ပြောချင် တာက ကျမတို့ ဒူးပလာယာခရိုင်ထဲကို ဝင်လာပြီး ပညာရေးအပိုင်းထောက်ပံ့မှုပေးတာဖြစ်ဖြစ် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက် နေမယ်ဆိုရင် ပြဿနာတွေမဖြစ်အောင် ကျမတို့နဲ့ တိုင်ပင်ပြီးတော့ လုပ်ကိုင် ဆောင်ရွက်စေချင်တယ်။ အဲ့ဒီ့ ရည်ရွယ်ချက်နဲ့ ကျမတို့က အသိပေးပြီး ထုတ်ပြန်ချက် ထုတ်လိုက်တာ ဖြစ်ပါတယ်။

မေး။ ။ ထုတ်ပြန်ချက်ထဲက ပညာရေးစီမံကိန်းဖော်ဆောင်တယ်ဆိုတာက ဘယ်လိုမျိုးကို ပြောချင်တာလဲ (သင်တန်း ပေးတာတွေလား၊ ထောက်ပံ့မှုတွေပေးတာ တွေလား)ရှင်းပြပေးပါဦး။
ဖြေ။ ။ အခုလိုဆောင်ရွက်တာက ပညာရေးနဲ့ ယဉ်ကျေးမှုဌာနကို ထိခိုက်တာထက် ကျမတို့ ပြည်သူလူထုက ပြောရမယ်ဆိုရင် ထိခိုက်နစ်နာတာတွေရှိတယ်၊ မညီမျှတာတွေ ရှိတယ်။ သူတို့လုပ်နေပြီးဆိုရင် ပြောရမယ်ဆိုရင် ပြဿနာမတက်ရင်တော့ ဘာမှမသိရဘူး၊ ပြဿနာတက်ရင်တော့ ကျမတို့ဆီကို ရောက်မှာ ဖြစ်တယ်။

ပညာရေး ဖော်ဆောင်တာတွေကတော့ အမျိုးမျိုးရှိတာပေါ့၊ တချို့ကတော့ ကျောင်းဆရာ၊ ဆရာမ ထောက်ပံ့တာ ရှိတယ်၊ တချို့ကတော့ ကျောင်းရဲ့ အထောက်အကူပြုပစ္စည်းတွေကို ထောက်ပံ့ တာရှိတယ်။ ကျောင်း အဆောက်အဦးအပိုင်း ထောက်ပံ့တာတွေလည်းရှိတယ်။ အဲဒီလိုမျိုး လုပ်ဆောင်တယ်ဆိုလို့ရှိရင်တော့ မြို့နယ်အဆင့် ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရှိတယ်။ ခရိုင်မှာ လည်းရှိတယ်။ နောက်ဆုံး ဗဟိုမှာလည်းရှိတယ်။ အဆင့်ဆင့် ရှိနေတာကြောင့် ဝင်လာရောက် လုပ်နေပြီးဆိုရင် တိုင်ပင်မှုလုပ်စေချင်တာပေါ့နော်။ အဲဒါကြောင့် အသိပေး ထုတ်တာလည်း ဖြစ်ပါတယ်။

မေး။ ။ ခွင့်ပြုချက်မပါဘဲ ထိန်းချုပ်နယ်မြေထဲကို ဝင်ရောက်လုပ်ဆောင်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ထိခိုက်နစ်နာမှု စတဲ့ ဘယ်လိုအကျိုးဆက်တွေရှိလဲဆိုတာ သိချင်ပါတယ်။
ဖြေ။ ။ ခွင့်ပြုချက်မရှိဘဲ လာလုပ်ရင်ထိခိုက်နစ်နာမှုတွေရှိလားလို့ဆိုရင် ထိခိုက်မှုတွေရှိတာပေါ့။ ပြည်သူ လူထုတွေက တချို့ကရတယ်။ တချို့ကမရဘူး၊ အဲလိုတွေဖြစ်တာရှိတယ်။ ဝင်လာတဲ့အဖွဲ့တွေကလည်း သူ့အခန်းကဏ္ဍနဲ့ သူလာတော့ တချို့က သူတို့သက်ဆိုင်ရာ သူတို့ပရောဂျက်နဲ့ပဲ သူတို့ကူညီ တယ်ဆိုတော့ ပြောရမယ်ဆိုရင် တစ်ရွာထဲမှာတောင် သူတို့ကူညီတာ မတူတာရှိတယ်။

Photo: KECD

မေး။ ။ ခွင့်ပြုချက်မပါဘဲ ထိန်းချုပ်နယ်မြေအတွင်း ဝင်ရောက်လုပ်ကိုင်ရင် အရေးယူဆောင်ရွက်မှု တွေကော ရှိပါသလား။ ခွင့်ပြုချက်မရှိဘဲဝင်ရောက်လုပ်ကိုင်ရင် ဘယ်လိုအရေးယူ ဆောင်ရွက်သွားဖို့ရှိပါသလဲ။
ဖြေ။ ။ ခွင့်ပြုချက်မရှိဘဲ ဒေသအတွင်းမှာလာလုပ်ရင် အရေးယူမှုအပိုင်းနဲ့ပတ်သက်ပြီး ကျမတို့ကတော့ ဘာမှဆွေးနွေး ထားတာမရှိပါဘူး။ ပထမကတောာ့ တိုင်ပင်ဆွေးနွေးမယ်။ တစ်ခါမရရင်နှစ်ခါ ၊ နှစ်ခါမရရင်သုံးခါ ညှိညှိနှိုင်းနှိုင်းတော့ ဆောင်ရွက်မယ်။ ဒါပေမယ့် မရတဲ့အဆုံးတော့ ကျမတို့လည်း ဘယ်လိုလုပ်ဆောင်ဖို့ရှိမလဲဆိုတာကတော့ မပြောတတ်သေးဘူး။ အရင်ဦးဆုံးအတတ်နိုင်ဆုံးတွေ့ဆုံညှိနှိုင်းမှုတော့ လုပ်ဆောင်သွားမယ်ပေါ့။

မေး။ ။ ဒူးပလာယာခရိုင်ထဲမှာဆိုရင် စစ်ကောင်စီ လက်အောက်ခံကျောင်းတွေရှိသေးလား။ စစ်ကောင်စီ လက်အောက် ပညာရေးအဖွဲ့တွေရော ဝင်ရောက်လာတာတွေ ရှိသေးလား။
ဖြေ။ ။ စစ်ကောင်စီလက်အောက်ခံပညာရေးအဖွဲ့တွေက ထိန်းချုပ်နယ်မြေထဲမှာတော့ အသစ်လာရောက် လုပ်ဆောင် တာတွေတော့ မရှိပါဘူး။ ဒီရှိထားတဲ့ဟာတွေကပဲ သူတို့က ဆက်လုပ်တာ၊ အရင်က တည်းက လုပ်ထားတဲ့ဟာ ဆက်လုပ်ဆောင် လည်ပတ်တာတွေ ရှိတယ်။ အဲဒီကျောင်းတွေက စစ်ကောင်စီပညာရေးဌာန အောက်ကပဲ ဆက်သွားတယ်။ သူတို့ လွတ်တာတွေမရှိဘူး၊ စစ်ကောင်စီနဲ့ပဲ သူတို့လုပ်ဆောင်တာရှိတယ်။

ကျောင်းကအဆောက်အဦးတွေအတွက်ပဲဖြစ်ဖြစ်၊ ပညာရေးနဲ့ပတ်သက်တာတွေ အခုချိန်ထိ စစ်ကောင်စီ လက်အောက်က ကျောင်းတွေပဲ တက်တာတွေရှိတယ် ပေါ့နော်။ ဆရာဆရာမတွေကလည်း အရင်က ကျောင်းဆရာ၊ ဆရာမတွေပဲ။ အသစ်ထပ် ဝင်လာတဲ့ စစ်ကောင်စီလက်အောက်က ကျောင်းတွေတော့ မရှိဘူး။ ဟိုးအရင်တုန်းက ရှိထားတဲ့စစ်ကောင်စီ ကျောင်းတွေပဲ ဆက်လက်လုပ်ဆောင်နေတာ တွေ့ရတယ်။

မေး။ ။ အခုထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ခရိုင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန ဌာနမှူးတစ်ယောက်အနေနဲ့ ဘာဖြည့်စွက်ပြောချင်တာ ရှိပါသလဲ။
ဖြေ။ ။ နောက်ဆုံးအနေနဲ့ ကျမပြောချင်တာကတော့ တချို့ကျတော့ ပြောကြတယ်၊ ဝေဖန်ကြတယ်။ KECD က ကျောင်းတွေကို အပြည့်အစုံမထောက်ပံ့နိုင်ဘူး၊ လုံလုံလောက်လောက်လည်း မထောက်ပံ့နိုင်ဘူး။ ပြောရမယ်ဆိုရင် ကျမတို့ကလည်း အပြည့်အစုံမထောက်ပံ့နိုင်သေးတာက ဟုတ်ပါတယ်။ အဲဒါတော့ ကျမတို့ရဲ့ ထောက်ပံ့မှုပိုက်ဆံ မလုံလောက်တာကြောင့် ကျမတို့ရဲ့ အားနည်းချက် ရှိတယ်ပေါ့။

အဲဒါကို ဝင်လာလုပ်တဲ့အဖွဲ့တွေကို ကျမတို့က ပိတ်ပင်တယ်။ သူတို့ကိုယ်တိုင်က မလုပ်နိုင်ဘဲ ဝင်လာတဲ့ အဖွဲ့အစည်း တွေကို ပိတ်ပင်တယ်။ တားဆီးတယ်။ ကိုယ့်ပြည်သူလူထု ကောင်းစားမှာ မလိုလားဘူး။ အဲလိုပြောဆို ဝေဖန်တာတွေက အများကြီးရှိတာပေါ့။ ဒါပေမယ့် ကျမတို့ပြောချင်တာကတော့ လာတဲ့အဖွဲ့အစည်းတွေ အကုန်လုံး နည်းမှန်လမ်းမှန်နဲ့ ကျမတို့နဲ့အတူတကွ တိုင်တိုင်ပင်ပင် ညှိညှိနှိုင်း နှိုင်းနဲ့ အတူတကွ လုပ်ဆောင်ရင် ကျမတို့လည်း ပြောစရာမရှိပါဘူး။ ဘာပြဿနာမှမရှိဘဲ သဘောတူညီချက်အတိုင်း ညှိနှိုင်းထားတဲ့အတိုင်း လုပ်ဆောင်ရင် ကျမတို့ပြည်သူလူထု ကောင်းစားဖို့က ကျမတို့မလိုလားဘဲ ဘယ်နေမလဲ။

ဒါပေမယ့် အခုကနည်းမှန်လမ်းမှန်နဲ့ မဟုတ်သလို ကျမတို့နဲ့ တိုင်ပင်ဆွေးနွေးမှုမရှိဘူး။ သူတို့လုပ်ချင်ရာ ဝင်လာ လုပ်တယ်။ ကျေးရွာတွေကလည်း သူတို့ရရင်တော့ သူတို့လက်ခံကြတယ် ။ နောက်ဆုံးပြဿနာ တွေ ဖြစ်လာတာ ရှိတယ်။ အဲလိုတွေပေါ့။ အဲဒါကြောင့် ကျမပြောချင်တာက နည်းမှန် လမ်းမှန်နဲ့ တိုင်တိုင်ပင်ပင်နဲ့ ဆွေးနွေးဆောင်ရွက်မယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှုကိုတော့ ကျမတို့ မလိုလားတာမရှိပါဘူးလို့ နောက်ဆုံးအနေနဲ့ ပြောချင်ပါတယ်။