Home သတင်း အလုပ်လုပ်ခွင့် လက်မှတ်မရှိသူများကို ပြည်နှင်ဒဏ်နှင့် ဒဏ်ငွေချနိုင်သည့်အမိန့် ထုတ်ပြီးနောက် ထိုင်းတွင် ဖမ်းဆီးစစ်ဆေးမှုများလာ

အလုပ်လုပ်ခွင့် လက်မှတ်မရှိသူများကို ပြည်နှင်ဒဏ်နှင့် ဒဏ်ငွေချနိုင်သည့်အမိန့် ထုတ်ပြီးနောက် ထိုင်းတွင် ဖမ်းဆီးစစ်ဆေးမှုများလာ

900
Photo: Social Media

ဖေဖော်ဝါရီ ၂၅ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံထဲ၌ အလုပ်လုပ်ခွင့်လက်မှတ် (Work Permit) မရှိဘဲ အလုပ်လုပ်နေသည့် ရွှေ့ပြောင်း အလုပ်သမား များကိုတွေ့ရှိပါက ငွေဒဏ်နှင့် ပြည်ဝင်ခွင့် ၂ နှစ် ပိတ်ပင်မည်ဟု ထိုင်းအလုပ် သမားဝန်ကြီးဌာနမှ အမိန့်ထုတ်ပြီးနောက် နေရာစုံ၌ ရွှေ့ပြောင်းအလုပ်သမားများကို ဖမ်းဆီးစစ်ဆေးမှု ပိုမိုများလာသည်ဟု အလုပ်သမားများက ပြောသည်။

မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံတို့မှ ရွှေ့ပြောင်းအလုပ် သမားများ အနေဖြင့် ထိုင်းနိုင်ငံအတွင်း နိုင်ငံခြားသားရွှေ့ပြောင်းအလုပ်သမားများ လုပ်ကိုင်ခွင့်မရှိသည့် လုပ်ငန်းများကို Work permit မရှိဘဲ လုပ်ကိုင်သည်ကို တွေ့ရှိပါက ငွေဒဏ် ၅,၀၀၀ ဘတ်မှ အမြင့်ဆုံး ဘတ် ၅၀,၀၀၀ အထိ ဒဏ်ငွေ ရိုက်မည် ဖြစ်သည့်အပြင် ပြည်ဝင်ခွင့် ၂နှစ်အထိ ပိတ်မည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ပြီးနောက် ထိုင်းနိုင်ငံအတွင်းရှိ နေရာအသီးသီးတွင် စျေးဆိုင်ရောင်းသည့် ရွှေ့ပြောင်း အလုပ်သမား များကို ထိုင်းအာဏာပိုင်များက စိစစ်ဖမ်းဆီးမှုများပြုလုပ်နေသလို ကုန်တိုက်များထဲရှိ အလှကုန်ပစ္စည်းရောင်းသည့် ရွှေ့ပြောင်းအလုပ်သမားကို ဝင်ရောက်ဖမ်းဆီးစစ်ဆေးမှုများလည်း ယခုရက်ပိုင်းအတွင်း ပိုမိုလုပ်ဆောင်လာဟု မြန်မာ ရွှေ့ပြောင်းအလုပ်သမားများထံမှ သိရသည်။

ယခုလို ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မလိုလားအပ်သည့် ပြစ်ဒဏ်များ မချမှတ်ခံရအောင် ယခုချိန်တွင် သတိထားပြီး အလုပ်လုပ်ကိုင်ကြရန်လိုအပ်သည်ဟု ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲဆောက်ဒေသ အခြေစိုက် မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှု ကော်မတီ(JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက ယခုလို တိုက်တွန်းပြောဆိုသည်။

“ထိုင်းနိုင်ငံမှာ ကိုယ်က ဆက်လက်ရှင်သန်လုပ်ကိုင်ရမှာဖြစ်တဲ့အတွက် ဒါလေးကိုတော့ ဂရုစိုက်ပြီး လုပ်ပေးပါ။ စားစရာမရှိ လျော်စရာရှိ ဆိုတဲ့အတိုင်းပဲ ဘာပဲပြောပြောမလိုလားအပ်တဲ့ ပြစ်ဒဏ်တွေ ခံရမှာစိုးလို့ တကယ်လို့ ဘတ်ငါးထောင်ကနေ ငါးသောင်းမပေးနိုင်ရင် အချုပ်ထဲမှာခံရမှာလေ။ တစ်ရက်ကို ဘတ်ငါးရာနဲ့ ဖြတ်ပြီးတော့ နောက်ဒါနဲ့မပြီးဘူး။ မြန်မာနိုင်ငံကို ပြန်ပို့မှာ ဖြစ်သလို ထိုင်းနိုင်ငံကို ပြည်ဝင်ခွင့် ၂ နှစ်ပိတ်ခံရမယ်။ မြန်မာနိုင်ငံ ပြန်ပို့ရင် စစ်မှုထမ်းဥပဒေ အန္တရာယ်ဆိုးကြီးက စောင့်နေတဲ့အတွက် ဒါလေးကို အလေးဂရုပြုပါ စာရွက်စာတမ်း အပြည့်အစုံလုပ်ထားပါ” ဟု ဦးမိုးကြိုးက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ထိုင်းရောက် ရွှေ့ပြောင်း အလုပ်သမားများကို ဗီဇာနှင့် Work Permit သက်တမ်းတိုးရန် Name List အမည် စာရင်း ကျထားသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ဩဂုတ် ၁၃ ရက်နေ့ နောက်ဆုံးထားပြီး Work Permit လုပ်ဆောင်ရန် ထိုင်းအလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် လက်ရှိ ထိုင်းရှိ ရွှေ့ပြောင်းအလုပ်သမားများ ယခင်ထုတ်ပေးထားသည့် အလုပ်လုပ်ကိုင်ခွင့် ဗီဇာ သက်တမ်းကုန်ဆုံးချိန်ဖြစ်ပြီး သက်တမ်းပြန်တိုးမည့် လူဦးရေ နှစ်သန်းနီးပါးရှိသလို အလုပ်သမားဗီဇာသစ် လုပ်ဆောင်မည့်သူ တစ်သန်းဝန်းကျင်ရှိသည်ဟု ရွှေ့ပြောင်းအလုပ်သမားအရေး လုပ်ဆောင်နေသူများက ပြုစုထားသည့် စာရင်းအရ သိရသည်။