ဖေဖော်ဝါရီ ၂၅ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာ နယ်စပ် ကျားဖြန့်(အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်း) နှိမ်နင်းရေးအတွက် လောင်စာဆီနှင့် လျှပ်စစ်ဓာတ်အား ဖြတ်တောက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးကို အနှောင့်အယှက် ဖြစ်စေပြီး ပို့ကုန်များ ရပ်တန့်သွားသဖြင့် ဆုံးရှုံးမှုများ တိုးလာနိုင်သည်ဟု ထိုင်းကုန်သည်များက သတိပေးပြောဆိုနေသည်ဟု The Nation သတင်း၌ ဖော်ပြထားသည်။
ထိုင်းအစိုးရမှ ကျားဖြန့်ဂိုဏ်းများကို နှိမ်နင်းခဲ့သောကြောင့် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်မှု လက်ရှိ ၂၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားဖွယ်ရှိသည်ဟု ထိုင်းပြည်တွင်းစီးပွားရေးခေါင်းဆောင်များက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၅ ရက်နေ့မှစ၍ မြဝတီနှင့် တာချီလိတ်အပါအဝင် မြန်မာနိုင်ငံနယ်စပ် မြို့ ၅ မြို့သို့ လျှပ်စစ်၊ အင်တာနက် နှင့် လောင်စာဆီများကို ထိုင်းအာဏာပိုင်များက ဖြတ်တောက်ထားသည်။
“ကုန်သွယ်မှုနဲ့ စီးပွားရေးလုပ်ငန်းအားလုံး လုံး၀ရပ်တန့်သွားပါပြီ” ဟု တာ့ခ်ခရိုင် ကုန်သည်ကြီးများအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနှင့် မဲဆောက်အခြေစိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဘန်ပိုတိုခိုကီချာရွန် (Banpot Korkiatcharoen) က ပြောသည်ဟု ထိုနေရှင်းသတင်း၌ ဖော်ပြထားသည်။
အဆိုပါ ဖြိုခွင်းနှိမ်နင်းမှုတွင် ကျားဖြန့်ဂိုဏ်းများ၏ သားကောင်ဖြစ်ခဲ့ရသူ ရာနှင့်ချီကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သော်လည်း ထိုင်းနိုင်ငံအနောက်ပိုင်းရှိ စီးပွားရေးကိုမူ ဆိုးရွားစွာ ထိခိုက်စေခဲ့သည်ဟု ဆိုသည်။
ဓာတ်ဆီဆိုင်ပိုင်ရှင် ပရာဆက် ဂျန်ခတ် ရွန်းဂရက်ဂျ် (Prasert Juangkitroongroj) က မြန်မာနိုင်ငံတွင် သုံးစွဲသူများ သိသိသာသာ ကျဆင်းလာသည်ကို သတိပြုမိပြီး “လောင်စာဆီသည် ၎င်းတို့အလိုအပ်ဆုံးအရာဖြစ်သည်” ဟု ထည့်သွင်းပြော ဆိုထားသည်။
မြန်မာနိုင်ငံသို့ ကုန်တင်ပို့မှုမှာ ယမန်နှစ်က ဘတ်ငွေ ၆၆.၂ ဘီလီယံအထိ ရောက်ရှိခဲ့သည့် မဲဆောက်မြို့တွင် သက်ရောက်မှုမှာ အထူးထင်ရှားသည်။ ထိုကန့်သတ်ချက်များကြောင့် မြဝတီမြို့တွင် ဒီဇယ် ၁ လီတာလျှင် ဘတ် ၃၀ မှ ဘတ် ၁၀၀ ကျော်အထိ ဈေးတက်သွားခဲ့သည်ဟု နေရှင်းသတင်း၌ ဖော်ပြထားသည်။
နှစ်စဉ် ထိုင်းဘတ်ငွေ ၁၇ ဘီလီယံတန်ဖိုးရှိ ကုန်သွယ်မှုပမာဏ သိသိသာသာကျဆင်းနေသည့် ချင်းရိုင်၊ မယ်ဆိုင်ခရိုင်တွင် လည်း စက်သုံးဆီများ ရှားပါးပြတ်လပ်ပြီး အရေးယူဆောင်ရွက်မှုများ၏ သက်ရောက်မှုကို ခံစားနေရသည်ဟု သိရသည်။

“အိမ်သုံးမီးစက်တွေမှာ အသုံးပြုဖို့အတွက် ပြည်တွင်းစက်သုံးဆီဆိုင်တွေမှာ မော်တော်ယာဥ်တွေ ဆီဖြည့်ဖို့ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့ရပါတယ်” ဟု ချင်းရိုင်ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ပခီမက်စ် ဗီရဲရာက ပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ နှစ်တွင် ထိုင်းနိုင်ငံက ကုန်းလမ်းပို့ကုန် စုစုပေါင်းသည် ဘတ် ၁.၁ ထရီလီယံထိ စံချိန်တင်ရရှိခဲ့သည်။ ထို့ ကြောင့် ယခုလက်ရှိဖြစ်ပေါ်နေသည့် အခြေအနေကို ဖြေရှင်းပေးရန် ထိုင်းကုန်သည်ကြီးများ အသင်းက အစိုးရထံတောင်း ဆို ထားသည်ဟု သိရသည်။
သို့သော် ထိုင်းအစိုးရက ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းရေးကို အဓိက အာရုံစိုက် ဆက်လက်လုပ်ဆောင်လျက်ရှိပြီး ထိုသို့ စီးပွားရေး ထိခိုက်မှု လျော့ပါးစေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထိခိုက်နစ်နာသည့် ဒေသများတွင် ကုန်စည်ပြပွဲများ ကျင်းပရန် အဆိုပြုထားသည်။
“ကုန်စည်ပြပွဲများက ထိုင်းနယ်စပ်ဒေသများမှာ အသုံးစရိတ်ကို မြှင့်တင်နိုင်သော်လည်း ဒါက နိုင်ငံများအကြား ပို့ကုန်များ အတွက် အထောက်အကူမဖြစ်ဘူး” ဟု ချင်းရိုင် ကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ ပခီမက်စ် ဗီရဲရာက ဆက် ပြောသည်။
ကမ္ဘောဒီးယားနယ်စပ်တလျှောက် အလားတူအစီအမံများ ကျင့်သုံးလာနိုင်ခြေကိုလည်း စီးပွားရေးခေါင်းဆောင်များက စိုးရိမ် နေပြီး ယမန်နှစ်၏ ဘတ် ၁၄၂ ဘီလီယံတန်ဖိုးရှိ တင်ပို့မှုကို ခြိမ်းခြောက်လာနိုင်သည်ဟု တွက်ဆထားကြောင်း သိရသည်။
“ဒီလို ဆက်ဖြစ်နေရင် ကျနော်တို့ရဲ့ နယ်စပ်ကုန်သွယ်ရေး တိုးတက်မှုရဲ့ ပန်းတိုင် ၆-၇ ရာခိုင်နှုန်းအထိ မရောက်နိုင်ပါဘူး” ဟု မဲဆောက်အခြေစိုက် ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် ဘန်ပို ပြောသည်။
သို့သော် ထိုင်းအစိုးရက အဆိုပါ တောင်းဆိုချက်များကို တုန့်ပြန်ခြင်းမရှိသေးသလို ကျားဖြန့်တိုက်ဖျက်ရေး လုပ်ငန်းစဉ်ကို ဦးစားပေး ဆက်လုပ်နေသည်ဟု ထိုင်းကုန်သည်ကြီးများက ပြောဆိုသည်။
Source: The Nation Thailand



















