Home သတင်း စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာရ

စစ်ကောင်စီတပ် လက်နက်ကြီးကြောင့် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ ၃ ဦး ဒဏ်ရာရ

159
Photo: KNU

ဒီဇင်ဘာလ ၁၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်/တပ်မဟာ(၃)နယ်မြေ၊ လယ်ဒို (ကျောက်ကြီး)နှင့် ဆောထိ(ရွှေ့ကျင်) မြို့နယ် ၂ခုတွင် စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်ခြင်းကြောင့် ၁ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယနေ့ ( ဒီဇင်ဘာ ၁၁) ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

လယ်ဒိုမြို့နယ်၊ ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ် ခြေလျင်တပ်ရင်း (ခလရ-၂၆၄)၊ နတ်သံကွင်းရှိ ခြေမြန်တပ်ရင်း (ခမရ -၃၀၇)နှင့် ဆော့ထိမြို့နယ်၊ တော်ဝိကျေးရွာရှိ ခမရ -၂၀ တို့သည် ဒီဇင်ဘာလ (၆) ရက်မှစ၍ (၉) ရက်နေ့အထိ ဟောင်ဝှစ်ဇာ (၁၂၀ မမ) ဖြင့် ၎င်းမြို့နယ်များရှိ ကျေးရွာ(၇) ရွာထဲသို့ လက်နက်ကြီး (၁၃) ကြိမ်ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ စစ်ကောင်စီတပ်စခန်းများမှ ကျေးရွာအတွင်းသို့ ဟောင်ဝှစ်ဇာလက်နက်ကြီးပစ်ခတ်ခြင်းကြောင့် လယ်ဒိုမြို့နယ် သောင်းပုကျေးရွာမှ ဒေသခံများဖြစ်သော အသက် (၃၅)နှစ် အရွယ် စောကျော်သူထွန်း၊ အသက် (၄၁) နှစ်အရွယ် စောဆဲဂေနှင့် အသက် (၁) နှစ်အရွယ် နော်သွန်းရတနာထွန်းတို့မှာ လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်အရ သိရသည်။

Photo: KNU

၎င်းအပြင် စစ်တပ်လက်နက်ကြီးကြောင့် ဒေသခံများ၏ နေအိမ်များအပါအဝင် ပုဇင်း (၁)စီးနှင့် ဆိုင်ကယ် (၁) စီးလည်း ထိမှန်ပျက်စီးခဲ့သည်ဟု အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ ပြီးခဲ့သည့် အောက်တိုဘာလ (၃၀)ရက်နေ့ကလည်း ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဒေသခံများ၏ လုပ်ငန်းခွင်ထဲသို့ စစ်ကောင်စီက ဟောင်ဝှစ်ဇာပါဝင်သော လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့သောကြောင့် ထိုနေ့ တစ်ရက်တည်းတွင် ဒေသခံ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-ဗဟိုက ယနေ့ ထုတ်ပြန်ထားသည်။