နိုဝင်ဘာ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ် အောက်ပိုင်းရှိ အောက်ကျောက်ဝပ်၊ ညောပြင်ရွာများနှင့် အပေါ်ဘက်ပိုင်းရှိ မောင်းမကန်၊ နဘူးလည်ရွာများဘက်သို့ ယခုနိုဝင်ဘာလပထမပတ်အတွင်း အင်အားဖြည့် စစ်ကြောင်းထိုးနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်မှ သိရသည်။
လောင်းလုံးမြို့နယ်အောက်ပိုင်းရှိ ကျောက်နီမော်ကျေးရွာမှစစ်ကောင်စီနှင့်ပျူစောထီးတပ်စခန်းကို အင်အား ၁၀၀ ကျော်ဖြည့်တင်းလာသည့် စစ်ကောင်စီတပ်က နိုဝင်ဘာလ(၄)ရက်နေ့တွင် ကျောက်နီမော်မှ ညောပြင်ရွာဘက်သို့ ဝင်ရောက်သွားခြင်းဖြစ်သည်ဟု ဒေသခံတို့က ဆိုသည်။
လောင်းလုံးဒေသခံအမျိုးသားတစ်ဦးက “လောင်းလုံး ကျောက်နီမော်ရွာမှာ ရှိတဲ့စခန်းပေါ့။ အဲဒီကို အင်အားထပ်ဖြည့်ပြီး ညောပြင်ဘက်ကို စစ်ကြောင်းဆင်းတယ်လို့ကြားတယ်။ ကျောက်နီ မော်နဲ့ညောပြင်ကကပ်နေတော့ စစ်ကြောင်းထိုးတယ်လို့ပြောရတာလည်းခက်တယ်” ဟု ထိုဒေသခံက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ယမန်နေ့က ထားဝယ်မြို့မှဆင်းလာသော စစ်ကောင်စီတပ်များနှင့် လောင်း လုံးမြို့ပေါ်ရှိတပ်များ ပူးပေါင်းထားသည့် စစ်ကြောင်းသည် လောင်းလုံးမြို့နယ်အပေါ်ဘက်ပိုင်းရှိ မောင်းမကန်နှင့်နဘူးလည်ရွာဘက်သို့ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများနီးစပ်ရာတွင် တိမ်းရှောင်နေရသည်ဟုလည်း သိရသည်။
“မောင်းမကန်ဘက်ကို ဆင်းသွားတာ အင်အား၂၀၀ လောက်ရှိတယ်။ တခါမှအဲ့ဒီလောက် အများကြီး မထိုးဖူးဘူး။ အခုလောလောဆယ် ပဒင်အင်းရွာဘုန်းကြီးကျောင်းမှာ ရှောင်နေတဲ့ပြည်သူတချို့ကို ဖမ်းထားတယ်လို့ကြားတယ်။ တချို့အိမ်တွေမှာမွှေနေတာလည်းရှိတယ်။” ဟု နောက်ထပ်ဒေသခံတစ်ဦးက ဆိုသည်။
လောင်းလုံးမြို့တွင် ပြီးခဲ့သည့်အောက်တိုဘာလ ဒုတိယအပတ်က စစ်ကောင်စီတပ်စစ်ကြောင်း ထိုးခဲ့ပြီးနောက် ပြည်သူလူထု သေဆုံးမှုနှင့် ဖမ်းဆီးခံရသူအများအပြား ရှိခဲ့သဖြင့် ယခုတစ်ကြိမ် တွင်လည်း အလားတူဖြစ်ပွားလာမည့်အရေး ဒေသခံများစိုးရိမ်မှုရှိနေကြောင်း သိရသည်။
ယခင် စစ်ကြောင်းတစ်ပတ်တိတိ ဝင်ရောက်စဥ်က စစ်ကြောင်းတလျှောက်ကျေးရွာမှ ဒေသခံများအား စစ်တပ်က အကြောင်းပြချက်မရှိ ဖမ်းဆီးခေါ်ဆောင်မှုရှိခဲ့ရာတွင် လက်ရှိအချိန်ထိ ထိန်းသိမ်းခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသည့် ဒေသခံ(၁၀)ဦးထက်မနည်း ကျန်ရှိနေသေးသည်ဟုလည်း လောင်းလုံးမြို့ခံတို့က ဆိုသည်။