Home သတင်း လမ်းပိတ်ထား၍ တနင်္သာရီမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေး မြင့်တက်

လမ်းပိတ်ထား၍ တနင်္သာရီမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေး မြင့်တက်

111
Photo: မြိတ်ခရိုင်၊တပ်ရင်း(၂)

နိုဝင်ဘာ ၁၉ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ကုန်းတွင်းလမ်းကြောင်း ပိတ်ဆို့မှုများ ပြုလုပ်ထား သည့်အတွက် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံများနှင့် စစ်ရှောင် ကူညီနေသူများက ပြောသည်။

အဆိုပါ တနင်္သာရီမြို့နှင့် မြို့နယ်ကျေးရွာများသို့ ဆက်သွယ်သွားလာသည့် ကားလမ်းမပေါ်ရှိ ဗောဓိကမ်းတံတား အနီး၌ တပ်ဆုတ်လာသည့် စစ်ကောင်စီတပ်ဖွဲ့က အခြေချ စခန်းထိုင်ထားပြီး ဖြတ်သန်းသွားလာခွင့်ပိတ်ထား၍ ကျေးရွာများဘက်တွင် ဆန်ဈေးနှုန်းများ မြင့်တက်လာသည်ဟု ဒေသခံတဦးက ယခုလို ပြောသည်။

“လကုန်ပိုင်းလောက်က ဒီရွာတွေဘက်မှာ ခဏခဏ လမ်းတွေပိတ်တယ်၊ စစ်တပ်ဘက်က။ အဲ့တော့ ဆန်ကကြာလာတော့ ပြတ်လပ်လာပြီး ဈေးတွေက တက်လာတယ်။ ရိက္ခာလုံလောက်မှု မရှိတော့ပိုဆိုးတယ်။ အဲ့တော့ ဆန်အိတ် တစ်အိတ်ကို နှစ်သိန်းကျော်ဝန်းကျင်အထိ ပေးဝယ်နေရတယ်” ဟု ၎င်းက နိုဝင်ဘာ ၁၉ ရက်၊ ယနေ့တွင် ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာများသို့ စားသောက်ကုန်များကို အဓိက သယ်ယူဖြန့်ဖြူးနေသည့် ဘန်းသဲရွာ လှေဆိပ်၌လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆန်အပြင် စက်သုံးဆီသယ်ယူခွင့်ကိုပါ ပိတ်ပင်ထား သည်။

ထို့ကြောင့် ယခင်က ၂၄ ပြည်ဆန်တစ်အိတ်လျှင် ကျပ် ၁၂၀,၀၀၀ ရှိရာမှ ယခု ကျပ် ၁၉၀,၀၀၀ ကျော်ထိ ဈေးမြင့် တက်နေသလို ယခင် ဓါတ်ဆီ တစ်လီတာလျှင် ကျပ် ၃,၀၀၀ ရှိရာမှ ယခု ကျပ် ၅,၀၀၀ ထိ ဈေးမြင့် တက်လာသည် ဟု ဒေသခံများက ပြောသည်။

“မြို့ထဲလောက်ပဲသွားလာရ အဆင်ပြေတယ် ဆိုရုံလောက်ပဲ။ စစ်တပ်က ရိက္ခာသယ်ယူတာကို ပြီးခဲ့တဲ့၂၀၂၁ ခုနှစ်ကတည်းက ကန့်သတ်ထားတယ်။ အဲ့ဒါကြောင့် ကုန်ဈေးနှုန်းတွေက တဖြည်းဖြည်းနဲ့ မြင့်လာတာလို့ ပြောလို့ရတယ်” ဟု စစ်ဘေးရှောင် ကူညီနေသူတစ်ဦးက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အတွင်း စစ်ဆေးတင်းကြပ်မှုများကို ပိုမိုလုပ်ဆောင်နေသည့်အပြင် ကျေးရွာများသို့ ယခုလဆန်းပိုင်းတွင် စစ်ကြောင်းထိုးဝင်ရောက်လာပြီး ရှေ့တိုးမရဖြစ်ကာ တပ်ပြန်ဆုတ်လာသော စစ်ကောင်စီ စစ်ကြောင်းသည် ဘန်လောရွာအနီး၌တပ်စွဲ စခန်းချထားသည်။ ထိုအခြေအနေကြောင့် တိုက်ပွဲဖြစ်မည်ကိုစိုး၍ ဒေသခံတို့ တိမ်းရှောင်သွားသည်ဟု တနင်္သာရီမြို့ နယ် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တာဝန်ရှိသူများထံမှ သိရသည်။