နိုဝင်ဘာ ၁၅ ရက် ၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီ တိုင်းဒေသကြီးတွင် တိုက်ပွဲများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း နေရပ် စွန့်ခွာ ထွက်ပြေး တိမ်းရှောင်သူ ၄,၀၀၀ ဦးကျော် တိုးလာကြောင်း FE5 Tanintharyi က လစဉ်အစီရင်ခံစာ ထုတ်ပြောဆိုသည်။
တနင်္သာရီတိုင်းအတွင်းရှိ၊ တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ်နှင့် လောင်းလုံးမြို့နယ်များတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးမှုပြန်လည်ရရှိနိုင်ရေးအတွက် အဆိုပါမြို့နယ်များရှိ ကျေးရွာများသို့ အောက်တိုဘာလအတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားကာ ယခင်စက်တင်ဘာလထက် စစ်ရှောင်သူတိုးလာခြင်း ဖြစ်သည်။
စစ်ဘေးရှောင်များကို အနီးကပ်ကူညီနေသူတစ်ဦးက “အောက်တိုဘာလမှာ ပိုပြီးများလာတယ်။ ပြီးခဲ့တဲ့ လက ၅၀,၀၀၀ ကျော်ဝန်းကျင်ကနေ၊ စာရင်းတွေအရဆိုရင် ရက်ရှည်တိုက်ပွဲတွေ အပြင်ကိုမှ စစ်သားစု ဆောင်းမှုတွေကို ပိုပြီးလုပ်ဆောင်လာတဲ့ သဘောမှာရှိနေတော့ စစ်ဘေးရှောင်တွေ တိုးလာတာလို့ သုံးသပ်မိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းအတွင်း စစ်ဘေးရှောင်စုစုပေါင်း ၅၆,၀၀၀ ဦးကျော် ရှိရာမှ အောက်တိုဘာလအတွင်း ၆၀,၆၈၀ ဦးအထိ တိုးလာခြင်းဖြစ်သည်ဟု FE Tanintharyi က ပြောဆိုထားသည်။
ရာနှင့်ချီသည့် စစ်ကောင်စီတပ်များမှ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို ပြန်လည်ထိန်းချုပ်နိုင်ရန် အောက်တိုဘာလ ၁၄ ရက်နေ့မှစတင်ပြီး စစ်ကြောင်းထိုးကာ တိုင်ပွဲပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ပြည်သူပိုင်နေအိမ် ၁၅ လုံး တိတိကိုလည်း မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့သည်။
ထို့အပြင် အောက်တိုဘာလအတွင်း ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအကြိမ်ရေသည် ပြီးခဲ့သည့် ယခင်စက် တင်ဘာလထက် အရေအတွက်အားဖြင့် လျော့နည်းသွားသော်လည်း တိုက်ပွဲပြင်း ထန်မှုအပိုင်း သိသိသာသာ မြင့်တက်လာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပွင့်လင်းရာသီသို့ ရောက်ရှိလာသည့်အချိန်တွင် ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ် ဖြစ်သည့် တနင်္သာရီတိုင်းအတွင်းရှိ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးမှု ပြန်လည်ရရှိနိုင်ရေးနှင့် လက်လွှတ် ထားရ သည့် နယ်မြေများကို ပြန်လည်ရယူနိုင်ရန် အင်အားရာနှင့်ချီ သုံးပြီး ရက်ရှည်စစ်ကြောင်းထိုးလာသည့် ဗျူဟာကို ကျင့်သုံးလာကာ ထိုးစစ်ဆင်မှုများ စတင်လုပ်ဆောင်လာသည်ဟု ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။