နိုဝင်ဘာ ၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်အတွင်းရှိ သရက်နှစ်ခွကျေးရွာနှင့် သင်းကျွန်းကျေးရွာ ကြား၌ စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့် မြေတင် ယာဉ် ၂ စီးကို ဒေါင်းညီနောင် စစ်ကြောင်းက မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု အဆိုပါစစ်ကြောင်းက ယနေ့ ထုတ်ပြန်ပြော သည်။
အဆိုပါ ဖြစ်စဉ်မှာ သရက်ချောင်းမြို့မှ ထားဝယ် မြို့သို့ နိုဝင်ဘာ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ မြေသယ် ယာဉ် ၂ စီးဖြင့်ထွက်ခွာလာရာ နံနက် ၉ နာရီ အချိန်ခန့်တွင် ဒေါင်းညီနောင် စစ်ကြောင်း တပ်ခွဲ(၁)မှ ရဲဘော်များက ယခုလို မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ပြန်ကြားရေး တာဝန်ခံ ရဲဘော်ဘလာက ပြောသည်။
“အခုချိန်ထိတော့ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေ ပြန်လည်ပစ်ခတ်တဲ့ အခြေအနေတွေ တော့ မရှိသေးပါဘူး။ အရင်တစ်ခေါက် ပစ်ခတ်မှုတုန်းကတော့ ပန်းတောဂိတ်တွေမှာ ခရီးသည်တွေ ဖမ်းဆီးခံရတဲ့ အခြေနေတွေတော့ရှိပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ နိုဝင်ဘာ ၇ ရက်နေ့တွင် ပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရသူများလည်းရှိသည်ဟု တပ်တွင်းသတင်းများ၏ ပေးပို့ချက်များအရ သိရှိရကြောင်း ဒေါင်းညီနောင် စစ်ကြောင်းက ပြောဆိုထားသည်။
ထို့အပြင် မိုင်းဆွဲတိုက်ခိုက်မှုများ လုပ်ဆောင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်နက်ငယ်များကို ရမ်းသမ်းပစ်ခတ်မှုများကို လုပ်ဆောင်ခဲ့သောကြောင့် မိုင်းကွင်းနှင့် ကိုက် ၂၀၀ အကွာရှိ ထန်းရည်ဆိုင်ဖွင့်ရောင်းချနေသည့်အမျိုးသမီး တစ်ဦး ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၈ ရက်နေ့ကလည်း သရက်ချောင်းမြို့နယ် ဥတ္တူရွာအတွင်း စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်များမှ ရွာသားတစ်ဦးကို ပစ်သတ်ခဲ့ပြီး နေအိမ် (၁) လုံး မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ ၏ ပြောဆိုချက်များအရ သိရသည်။