နိုဝင်ဘာလ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ယခုနှစ် ကျရောက်သည့် ၆၉ နှစ်မြောက် ကရင်ပြည်နယ်နေ့ ပွဲတော်ကို ဖားအံမြို့သီရိကွင်း၌ နိုဝင်ဘာ ၅ ရက်နေ့ကတည်းက စတင်ကျင်းပနေသော်လည်း ယခင်လို မစည်ကားတော့ကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။
ယခုနှစ်ပြည်နယ်နေ့ပွဲတော်ကို ယနေ့ နိုဝင်ဘာ ၇ရက်အထိ ပွဲခင်းလာသူမရှိသလောက်နည်းပါးပြီး စစ်ကောင်စီ လက်အောက်ခံ ဌာနဆိုင်ရာနှင့် ကျောင်းသားများ၊ ဝန်ထမ်းများနှင့် စစ်တပ်ထောက်ခံသူ အချို့သာ လာရောက်ကြသည်ဟု မြို့ခံသတင်းအရင်းအမြစ်ထံမှ သိရသည်။
မြို့ခံတစ်ဦးက “လူတွေကမလာရဲဘူး။ အစစ်အဆေးလည်း တအားများတယ်၊ အပြန်ပေါ်တာဖမ်းမှာ။ လမ်းမှာ ကင်ပုန်း ရှိလို့စစ်ဆေးရင်လည်း ရစ်ခံရိုက်ခံဒဏ်ရိုက်ငွေ တောင်းတာခံရမယ်။ အခြေအနေက မငြိမ်းချမ်းဘူးလေ သိတဲ့အတိုင်း တိုက်ပွဲတွေက ဖြစ်နေတာဆိုတော့။ သူတို့ စစ်တပ်အုပ်စု၊ BGF အုပ်စုတွေ၊ ဝန်ထမ်းတွေပဲ အခမ်း အနားတက်၊ အခမ်းအနားလုပ်တဲ့ ပုံစံပဲရှိတယ်။ ပြခန်းတွေ ပွဲဈေးခင်းတွေလည်း ဆိုင်သိပ်မရှိဘူး” ဟု ပြောသည်။
ထိုသို့ ကရင်ပြည်နယ်နေ့ ပွဲတော်ကို ကျင်းပရန် စစ်တပ်က ရပ်ကွက်နှင့် ကျေးရွာအလိုက် ငွေကောက်ခံ ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် ဒုံးအကအဖွဲ့ ၂၀ နီးပါး လာရောက်ယှဉ်ပြိုင် ကပြပေး နေကြရကြောင်း သိရသည်။
“ တစ်ရွာ၊ တစ်ရပ်ကွက်ကို လှေပြိုင်ပွဲအတွက် ၃ သိန်း၊ ဒုံးတစ်သင်းထွက်ဖို့ တိုက်နယ်ကျေးရွာတစ်စုကို သိန်း ၄၀ ကောက်ပေးရတယ်။ ဒုံးတစ်သင်းလည်း ဝင်ပြိုင်ပေးရတယ်။ အဲ့တော့ ရွာကလူတွေ စုထည့်၊ ရပ်ကွက်က လုပ်ငန်းရှင်တွေ စုထည့်ပေါ့၊ စစ်တပ်နဲ့ ပတ်သက်တဲ့သူ BGF နဲ့ ပတ်သက်တဲ့သူ တွေထည့် ကြတယ်။ ရပ်ကွက် သား၊ ရွာသားကတော့ မထည့်ကြတာများတယ်။ ပြည်နယ်ပွဲလည်း မသွားရဲကြဘူးလေ။ ပြိုင်တဲ့လူတွေ လောက်ပဲမြို့ဘက်သွားတယ်” ဟု ဒုံရင်းတိုက်နယ် ဒုံးအကအဖွဲ့ဝင်ဟောင်းတစ်ဦးက ပြောသည်။
လက်ရှိ ကရင်ပြည်အတွင်း စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်နီးပါး ကြာချိန်အထိ ကရင်တိုင်း ရင်းသား ရိုးရာဓလေ့နှင့် အထိမ်းအမှတ်နေ့ ပွဲတော်များအားကျင်းပရာတွင် ယခင်လို စည်းကားမှုမရှိတော့ဘဲ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများနှင့်သာ အခမ်းအနားများကို ကျင်းပနေသည့် အခြေအနေဖြစ်သွားပြီဟု ဖားအံမြို့ခံ သတင်းအရင်းအမြစ်များက ပြောသည်။
ယနေ့ နိုဝင်ဘာ ၇ ရက်နေ့ နံနက်တွင် ပြုလုပ်သည့် ၆၉ နှစ်မြောက် ပြည်နယ်နေ့ပွဲတော် အခမ်းအနားအစီအစဉ်သို့ စစ်ကောင်စီအဖွဲ့ မန်းငြိမ်းမောင်၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌ စောမြင့်ဦးနှင့် ကောင်စီအဖွဲ့ဝင်များအပြင် နယ်ခြား စောင့်တပ် -BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ -PC ဒုဥက္ကဌ နော်ကပေါ် ထူးနှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်းတို့ တက်ရောက်ခဲ့ကြသည်ဟု သိရသည်။