Home သတင်း ကျုံဒိုးနယ်အတွင်း စစ်ကောင်စီတပ်နှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း BGF ခေါင်းဆောင်ပြော

ကျုံဒိုးနယ်အတွင်း စစ်ကောင်စီတပ်နှင့်စစ်ရေး ပူးပေါင်းဆောင်ရွက်ခြင်းမရှိကြောင်း BGF ခေါင်းဆောင်ပြော

462

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးတိုက်နယ်ရှိ မွန်တိုင်းရင်းသားကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် စစ်ရေး အရ ပူးပေါင်းလှုပ်ရှားခြင်းမရှိကြောင်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းက ကေအိုင်စီသို့ ယနေ့တွင် ပြောသည်။

အပစ်ရပ် မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ မွန်ပြည်သစ်ပါတီ နှင့် မွန်ကျေးရွာပြည်သူ့စစ် ၊ စစ် ကောင်စီတပ် စစ်ကြောင်းများ လတ်တလော ထိန်းချုပ်ထားသည့် ကျုံဒိုးတိုက် နယ်ရှိ မွန်ကျေးရွာ များဘက်သို့ ပြီးခဲ့သည့်ရက်ပိုင်းက BGF တပ်ဖွဲ့ဝင်အချို့ဝင်ရောက် နေရာယူမှုများရှိလာနေကြောင်း ပြောဆိုမှုအပေါ် ကေအိုင်စီက ဆက်သွယ်မေးမြန်းရာတွင် ဗိုလ်မှူးစောတင်ဝင်းက ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်းက “ ကော့ကရိတ် ၇ တိုင်လမ်းကနေ ဂျိုင်းတံတားအထိက ကျနော်တို့ တပ်ဖွဲ့ဝင်တွေ ရှိနေပါတယ်။ စစ်တပ်နဲ့က တစ်နေရာစီပဲ နေထိုင်ကြတယ်။ စစ်တပ်က ကျနော်တို့နဲ့ အတူမနေပါဘူး။ နေလို့လည်း ဘယ်ရဲမလဲ။ ကျနော်တို့အပေါ်ကိုလည်း သူတို့ အပြည့်အဝ ယုံမှမယုံတာကိုး။ ဒီလိုပြောဆိုနေတာတွေက ကျနော်တို့ ကရင်တွေ တဖွဲ့နဲ့တဖွဲ့ကြားမှာ တင်းမာမှုတွေရှိလာပြီး ထိပ်တိုက်ပဋိပက္ခဖြစ်လာအောင် ပြောဆိုတာပဲဖြစ်တယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်များသည် ကျုံဒိုးကမ်းနီမှတဆင့် မွန်တိုင်းရင်းသားများ နေထိုင်သည့် ကျေးရွာများသို့ ယခုလ နိုဝင်ဘာ ၁၀ ရက်မှ ၁၅ ရက်နေ့အထိ တပ်ဖွဲ့ဝင်အင်အား နေ့စဉ် ပို့ဆောင် လျက်ရှိသည်ဟု ကျုံဒိုးတိုက်နယ် ဒေသခံသတင်းအရင်းအမြစ်များက ပြောဆိုနေကြခြင်းဖြစ်သည်။

ကော့ဘိန်းကျေးရွာဒေသခံ တစ်ဦးက “ကျုံဒိုးကနေ စစ်သင်တန်းဆင်းလာတဲ့ BGF စစ်သားသစ်တွေကို ကျုံဒိုးကမ်းနီကနေ မွန်ရွာ တွေဘက်ကို နေ့တိုင်း လှေနဲ့ ကမ်းကူးပို့နေတယ်။ ခရစ်၊ ကော့ဂိုး၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ ဘက်ကိုပေါ့။ ကော့ဘိန်းရဲစခန်းမှာလည်း စစ်တပ်တို့ ပြန်သူ့စစ်တို့နဲ့ ပူးပေါင်းဖို့ ကင်းပတ်ဖို့ အင်အားပို့ တယ်လို့တော့ သိရတယ်။ တစ်နေ့ကို လူ ၅၀ ၊ လူ ၃၀ လောက်ကမ်း ကူးပြီး ကားနဲ့ လာလာကြိုသွား တယ်။ အင်အား ၃၀၀ လောက်ရှိပြီပေါ့ ။ တစ်ပတ်လောက် ကမ်းကူးသွားတာ” ဟု ပြောသည်။

ယခုလတ်တလောတွင် ကျုံဒိုး၊ ကော့ကရိတ်၊ အာရှလမ်းမသစ်နှင့်ဒေါနတောင်လမ်းဟောင်းနေရာ များတွင်စစ်ကောင်စီအောင်ဇေယျတပ်များ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေသည့်အတွက် KNLA မဟာမိတ်ပူးပေါင်းတပ်များ နှင့် တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေကြောင်း တော်လှန်ရေး စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

“ စစ်တပ် စစ်ကြောင်းက နေ့တိုင်းတက်နေတာပဲ၊ ရင်ကွဲတောင်ဘက်၊ ရန်ကုတ်ဘက်၊ တောင်ပါ် လမ်း ဘက်ကို လက်နက်ကြီး၊ ဒရုန်း၊ ရော့ကက်တွေက ပစ်ချလိုက်လူက တက်လာလိုက်၊ ထိခိုက်ပြီး ပြန်ဆင်း ဆုတ်သွားလိုက်ပေါ့။ တက်တော့မနိုင်သေးဘူး၊ သူ့ဘက်လည်းကျတာရှိတယ်၊ ကိုယ် ဘက်လည်း ထိတာကျတာရှိ‌‌တယ်။”ဟု တော်လှန်ရေးတပ်ဖွဲ့ သတင်းအရင်းအမြစ်က ပြောသည်။

ကရင်ပြည်နယ် ဖာပွန်၊ ကြာအင်းဆိပ်ကြီး၊ ကော့ကရိတ်၊ မြဝတီနှင့်သံတောင် မြို့နယ်များဘက်တွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုများဆက်လက် ဖြစ်ပွားနေကြောင်း စစ်ရေးနယ်မြေသတင်း အရင်းအမြစ်များထံမှ သိရသည်။