နိုဝင်ဘာ ၇ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ သထုံခရိုင်/တပ်မဟာ(၁)တွင် တပ်သားသစ်ထပ် မံမွေးထုတ်ရန် အခြေခံစစ်သင်တန်းပြုလုပ်ခဲ့ရာ ၈၀ ဦးကျော် ထပ်မံသင်တန်းဆင်းခဲ့သည်ဟု တပ်မဟာတာဝန်ရှိသူက ပြောသည်။
စစ်အာဏာရှင်ကျဆုံးရေး တော်လှန်ရေးအတွက် ကျွမ်းကျင်တပ်ဖွဲ့ဝင်များ ထပ်မံမွေးထုတ်ရန် ရည်ရွယ်၍ အခြေခံခရိုင်အဆင့် အခြေခံစစ်ပညာသင်တန်းတစ်ခုကို အချိန် ၃ လခွဲကျော်ကြာ ဖွင့်လှစ်ပြီးနောက် နိုဝင်ဘာလ ပထမအပတ်တွင် ယခုလို သင်တန်းဆင်းပွဲ ပြုလုပ်ခြင်းဖြစ်သည်။
တပ်မဟာ(၁) တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူတစ်ဦးက “ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်က စစ်အာ ဏာရှင်ကို ချေမှုန်းတိုက်ခိုက်ဖို့ဖြစ်တယ်။ ကျနော်တို့ နိုင်အောင်တိုက်ခိုက်ဖို့က အင်အားတွေက အမြဲလိုတယ်။ ပြီးတော့ စစ်အတတ်ပညာတွေလည်း ကောင်းကောင်းပေးဖို့လိုတယ်။ အဲဒါကြောင့် စစ်သင်တန်းတွေ ပေးတာ” ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ ၃ လခွဲကြာသင်တန်းတွင် တိုက်ခိုက်ရေးအပိုင်း၊ မိုင်းထုတ်လုပ်ရေးအပိုင်း၊ ပြည်သူလူထုနှင့် ပေါင်းသင်းဆက်ဆံရေးအပိုင်း၊ တပ်ဖွဲ့ဝင်အချင်းချင်းပေါင်းသင်းဆက်ဆံရေးအပိုင်း စသည့် ပညာများကို သင်ကြားပေးခဲ့ကြောင်း သိရရသည်။
လက်ရှိသင်တန်းဆင်းသည့် တပ်ဖွဲ့ဝင်များသည် ရှေ့တန်းထွက် တိုက်ခိုက်မည့်သူများဖြစ်သလို အမျိုးသား လူငယ်များအပါအဝင် အမျိုးသမီးလူငယ်များလည်း ပါဝင်သည့်အတွက် ရှေ့တန်း မသွားနိုင်သည့် အမျိုးသမီးတပ်သားများကို နောက်တန်းတွင် လိုအပ်သည်နေရာများ တာဝန်ပေးသွားမည်ဟု တာဝန်ရှိသူများ ကပြောသည်။
သင်တန်းဆင်းသည့် လူငယ်များသည် အထက်တန်းအဆင့်ကျောင်းပြီးသည့် လူငယ်များဖြစ်ကာ စဉ်ဆက်မပြတ် သင်တန်းများပြုလုပ်ပြီး ထပ်မံ မွေးထုတ်သွားရန် ရှိသည်ဟု တပ်မဟာ(၁)တာဝန်ရှိသူထံမှ သိရသည်။
သထုံခရိုင်တပ်မဟာ(၁) ကျိုက်ထိုမြို့နယ်ထဲတွင် စစ်ကောင်စီတပ် စစ်ကြောင်းထိုး စစ်ရေးလှုပ်ရှားမှု များရှိနေဆဲ ဖြစ်သည်။ ပြီးခဲ့သည့် အောက်တိုဘာလ တစ်လထဲတွင် သထုံခရိုင်ထဲတွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLA ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ကြား တိုက်ပွဲပေါင်း ၁၉ ကြိမ်ဖြစ်ပွားခြင်းရှိကြောင်း သိရသည်။