အောက်တိုဘာ ၁၄ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုနှင့် သီပေါမြို့နယ် အတွင်းသို့ စစ်ကောင်စီက သုံးရက်အတွင်း ဖျက် အားပြင်း ပေါင် ၅၀၀ ဗုံး ၄၄ လုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မ တော် (TNLA) က ပြောဆိုသည်။
သီပေါမြို့နယ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၃) တပ်ကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)က ထိုးစစ်ဆင်တိုက်ခိုက်နေချိန် အောက်တိုဘာ ၁၀ ရက်မှ ၁၃ ရက်နေ့ထိ စစ်ကောင်စီက ယခုလို ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်ပြီး ဒေသခံနေအိမ် ၇ လုံး ပျက်စီးခဲ့ရပြီး ဒေသခံ တစ်ဦး သေဆုံးသွားသည်။
သီပေါမြို့နေ ဒေသခံတစ်ဦးက “လက်ရှိမှာတိုက်ပွဲကဖြစ်နေတုန်းပဲ၊ သီပေါမြို့က ခလရ-၂၃တပ်ရင်း ပတ်ဝန်း ကျင်မှာ တိုက်ပွဲတွေအကြီးအကျယ် ဖြစ်နေတုန်းပဲ။ စစ်ကောင်စီကလည်း လေကြောင်းကနေပြီးတော့မှ ဆက် တိုက် ဗုံးကြဲနေတုန်းပဲ” ဟု ကေအိုင်စီသို့ ပြောသည်။
ယခု သတင်းရေးသားနေချိန် အောက်တိုဘာ ၁၄ ရက်နံနက်ပိုင်းတွင် TNLA က သီပေါမြို့အား အလုံးစုံထိန်းချုပ် ထားနိုင်ပြီးဟု ကနဦးသတင်းထွက်ပေါ်လျက်ရှိသည်။
သီပေါမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၁၄ ရက်နေ့မှစတင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော်(TNLA)တို့အကြား နှစ်ဖက်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး တစ်လ အတွင်း ဒေသခံ ၃၀ ဦးကျော် သေဆုံးခဲ့ပြီး ၆၀ ဦးကျော်ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။
ယခုလို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်မှုများကြောင့် ဒေသခံပြည်သူများ၊ ကလေးငယ်များနှင့် ဘာသာရေးနှင့်သက်ဆိုက်သည့် သီလရှင်များ၊ ဘုန်းကြီးများ သေဆုံးမှုများသည် စစ်ကောင်စီ ၏ လူ့အခွင့်အရေးချိုးဖောက်မှုများသာဖြစ်သည်ဟု ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်မှ ပြောရေးဆိုခွင့်ရှိသူ ယိင်းလျန်းဟန်က သုံးသပ်ပြောဆိုသည်။
ထို့အပြင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသေးသည့် နောင်ချိုမြို့နယ်အတွင်းရှိ အင်းဖို့ကျေးရွာပေါ်သို့ စစ်ကောင်စီက အောက်တိုဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး စစ်ကောင်စီတပ်စခန်းက လက်နက်ကြီးနှင့် ဆက်တိုက် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။