အောက်တိုဘာ ၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ်မြေတို့နှင့် ထိစပ်နေသည့် ပင်လောင်းမြို့နယ် တောင်ပေါ်ဒေသရှိ ကရင်ဖြူဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာ ဒုတိယအပတ်တွင်းက ရေကြီးပြီးနောက် လမ်း၊ တံတားများ ပျက်စီး ကာ ယခုချိန်ထိ ကားလမ်းပိတ်နေသည့်အတွက် သွားလာရေးနှင့် ဒေသထွက်သီးနှံများ ရောင်းဝယ်ရေး ခက်ခဲနေ သည်ဟု ဒေသခံများက ပြောသည်။
အဆိုပါ ဒေသရှိ ကရင်ဖြူများအနေဖြင့် ယခုလို ကားလမ်းပျက်စီးနေသည့်အတွက် ပင်လောင်းမြို့သို့ ကုန်စည် ဝယ်ယူရေးနှင့် ဒေသထွက်သီးနှံများနေပြည်တို့သို့ သွားရောက်ရောင်းချ၍ မရသည့် အခက်အခဲများကြုံတွေ့ နေရပြီး စားဝတ်နေရေး အခက်ကြုံနေသည်ဟု ဒေသခံတစ်ဦးက ယခုလို ပြောသည်။
“လမ်းပျက်တံတားကျိုးတော့ ကုန်စျေးနှုန်းတွေလည်းချက်ချင်းတက်သွားတာ။ ကျနော်တို့ မရှိဆင်းရဲသားတွေက အလူးအလဲခံရတာ။ ကျေးရွာမှာ ရာသီပေါ်သီးနှံတွေ ရှိနေတယ်ဆိုပေမယ့် လမ်းကြောပိတ်နေတော့ အဆင်မပြေမှု တွေ ကြုံရတယ်။ တံတားတွေကျိုးတဲ့နေရာတွေက လူတောင်မှမနည်းကူးရတယ်။ ဆန်၊ ဆီ၊ ဆားသွားဝယ်ရင် တောင်မှ ၇ မိုင် ၈ မိုင်လောက် လမ်းလျှောက်ရတယ်” ဟု ၎င်းက စက်တင်ဘာ ၃၀ ရက်တွင်ကေအိုင်စီသို့ ပြော သည်။
လက်ရှိအချိန်တွင် ကျေးရွာတစ်ချို့က ကိုယ်ထူကိုယ်ထ လမ်းပြန်ပြင်မှု ပြုလုပ်ထားပြီး ဆိုင်ကယ်ဖြင့် နေပြည် တော်သို့ ရာသီ သီးနှံများဖြစ်သည့် ဝဥနှင့် မျှစ်များကို နေပြည်တော်သို့ သွားရောက်ရောင်းချသော်လည်း လမ်းအခြေအနေအရ ယခင်လို ကုန်စည်များများ သည်ယူ၍ မရသည့်အတွက် အရှုံးပေါ်ခြင်းများရှိသည်ဟု ဒေသခံ များက ပြောသည်။
ရေကြီး တောင်ပြိုသည့်နောက်ဆက်တွဲကြောင့် သွားလာရေးခက်ခဲသည့် ကရင်ဖြူတို့ အများစု နေထိုင်ရာ ရေအေး၊ ကျောက်မိုး၊ လုံးထို၊ လက်ဆွဲ၊ ဧဒင်၊ ကိုးကွေ့၊ လွှဲကြီး၊ တောင်ကျနှင့် ကသောင်းစသည့် ကျေးရွာများရှိ အိမ်ခြေ ၅၀၀ ကျော်နှင့် လူဦးရေ ၂,၀၀၀ ကျော်က စားဝတ်နေရေး ခက်ခဲမှုများ ကြုံတွေ့ရလျက်ရှိသည်။
ထို့အပြင် ပြီးခဲ့သည့် စက်တင်ဘာ ၁၉ ရက်နေ့က နေပြည်တော် ဇေယျာသီရိမြို့နယ် အတွင်းရှိသည့် ကျေးရွာအချို့ ရေကြီးမှုဖြစ်စဉ်တွင် ကရင်ဖြူမျိုးနွယ်စုဝင် ၃ ဦး ရေနစ်သေဆုံးခဲ့ရသလို ကျန်ရေဘေးသင့်သည့် ကျေးရွာ အတွင်း ရေတွင်းမရှိသည့်အတွက် သောက်သုံးရေအခက်အခဲ ကြုံတွေ့ရသည်ဟု ကရင်ဖြူရေးရာကော်မတီထံမှ သိရသည်။
နေပြည်တော် အနီးဝန်းကျင်တွင် နေထိုင်သည့်ကရင်ဖြူများသည် ယခင်ကတည်းက တော်ပေါ်ဒေသ၌ အခြေချ နေထိုင်ခဲ့သူများ ဖြစ်သလို နေပြည်တော်မြို့သစ်စီမံကိန်းကြောင့် မြေပြန့်သို့ ပြောင်းရွှေ့နေထိုင်ရမှုများကြုံတွေ့ ခဲ့ရပြီး ထိုသို့ ရွှေ့ပြောင်းနေထိုင်ရသည့် ကျေးရွာများတွင် ရေတွင်းတူးမရသည့်အတွက် သောက်သုံးရေ ယနေ့ထိ အခက်တွေ့နေကြောင်း သိရသည်။