ရွာသားတို့ အထိနာသည့် လက်နက်ကြီးပစ်ခတ်မှုအကြောင်းအရင်းများ
ထူးကပေါ (အောက်တိုဘာ ၉ ၊ ၂၀၂၄ ခုနှစ်)
စစ်ရေးပဋိပက္ခ နယ်မြေများအတွင်း စစ်ကောင်စီက ရွာသားများနေထိုင်သည့် ရပ်ရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည်။ ထိုသို့ ပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်နေချိန်များတွင် ပစ်ခတ်မှုရှိသလို တိုက်ပွဲဖြစ်ပွားမှုမရှိသည့် အချိန်များတွင်လည်း ရပ်ရွာအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်လေ့ရှိသည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်နေ့၊ ညနေ ၃ နာရီဝန်းကျင်တွင် ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ ဖားပြကျေးရွာတွင် ကျေးရွာနှစ်ပတ်လည် အထိမ်းအမှတ် ဘောလုံးပွဲ ကျင်းပနေသည့်အချိန်တွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်။ လက်နက်ကြီး ကြောင့် လူထိခိုက်မှုမရှိသော်လည်း နေအိမ်တစ်လုံးနှင့် စိုက်ပျိုးပင်များ ထိခိုက်ခဲ့သည်။
အဆိုပါ ဖားပြရွာ၌ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဘောလုံးပွဲ ကျင်းပနေချိန် စစ်ကောင်စီက ယခုလို လက်နက်ကြီး ရမ်းပစ်မှုသည် ရွာသားများကို ပစ်မှတ်ထားခြင်းဖြစ်သည်ဟု ရွာသားများက ယူဆနေ ကြသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)က မှတ်ချက်ပြုပြောသည်။
ထို့အပြင် လက်နက်ကြီးထိမှန်ပြီး လမ်းမလျှောက်နိုင်ဖြစ်ကာ အော်ဟစ်အကူအညီတောင်းခံရာ ကူညီမည့်သူရောက်ရှိလာသည့်အတွက် သေကံမရောက်သည့် ရွာသားတစ်ဦး၏ ဖြစ်ရပ်သည်လည်း စိတ်မောဖွယ်ရာ တွေ့ရ သည်။
ဖြစ်စဉ်မှာ ဝင်းရေးမြို့နယ်၊ လွှတ်ရှမ်းကျေးရွာအုပ်စု၊ မဲကလုရွာသားတစ်ဦးသည် စက်တင်ဘာ ၂၃ ရက်နေ့က ရွာအနီးတောစပ်သို့ ဟင်းသီးဟင်းရွက်ထွက်ရှာခူးယူစဉ် စစ်ကောင်စီပစ်လိုက်သည့် လက်နက်ကြီး ၎င်းအနီးသို့ ကျရောက်ပေါက်ကွဲပြီး ခြေထောက်ထိမှန်ကာ လမ်းမလျှောက်နိုင်ဖြစ်သွားသည်။ သူသည် အကူအညီရရန် အော်ဟစ်တောင်းဆိုခဲ့သည်။ ကံကောင်းစွာဖြင့် သူ့အော်သံကို မနီးမဝေး ယာခင်ထဲတွင် အလုပ်လုပ်နေသူ ရွာသားတစ်ဦးက ကြားပြီး သွားရောက်ကူညီကာ ဆေးရုံပို့ခဲ့ရသည်။
၎င်းအပြင် ကေအဲန်ယူ၊ ခလယ်လွီထူ (ညောင်လေးပင်) ခရိုင်အတွင်း စက်တင်ဘာလအတွင်း စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှု (ဒရုန်းဖြင့်ဗုံးကြဲခြင်းမပါ) ကြောင့် ဦးဇင်း ၂ ပါး၊ ကိုရင် ၂ ပါး၊ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုရားကျောင်း၊ စာသင်ကျောင်း၊ နေအိမ်၊ ဆိုင်ကယ် တို့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။
ထိုသို့ လက်နက်ကြီး ပစ်ခတ်ရာတွင် စစ်ကောင်စီက ၈၀ မမ လက်နက်ကြီး၊ ၁၂၂ မမ ဟောင်ဝစ်ဇာ လက်နက်ကြီးများ မကြာခဏ အသုံးပြုပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ယခုလို စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ခလယ်လွီထူ ခရိုင်ရှိ ပြည်သူများ ရပ်ရွာအတွင်း ကောင်းကောင်းမွန်မွန်လုပ်ကိုင် စားသောက်ခွင့် မရစေလိုသည့် သဘောမျိုးဖြစ်သည်ကို တွေ့ရသည်ဟု ကျောက်ကြီးမြို့နယ် ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် ကျေရွာများကို ပျက်စီးစေလိုသည့် သဘောမျိုးလည်းရှိကာ အဓိကအားဖြင့် ပြည်သူများ ကြောက်လန့် ငြိမ်သက်နေအောင် အကြမ်းဖက်ပြသည့် သဘောမျိုးတွေ့ရသည်ဟု ၎င်းက မှတ်ချက်ပြုသည်။
“သူတို့ လက်နက်ကြီးနဲ့ ရွာကို ပစ်တာ၊ ဘယ်သူထိထိဂရုမစိုက်ဘူး၊ အကုန်လုံးရှောက်ပစ်တာ။ လူထု တွေလည်း နေ့စဉ် လက်နက်ကြီးကို ဂရုစိုက်နေရတယ်။ ဘယ်အချိန်ပစ်လာမလဲဆိုပြီးတော့။ သူတို့ ပစ်တာကတော့ သူတို့ ဘာတွေဖျက်ဆီးပစ်ရမလဲ၊ ရွာသားတွေ သူတို့ကိုကြောက်လန့်ပြီး ငြိမ်နေအောင် နည်းမျိုးစုံနဲ့ လုပ်နေတဲ့သဘောပါပဲ” ဟု ဒေသတွင်းရှိ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက မှတ်ချက်ပြုပြောသည်။
ထို့အပြင် ကေအဲန်ယူ သထုံခရိုင်အတွင်းတွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက ကျေးရွာ များအတွင်း လက်နက်ကြီး ပစ်ခတ်မှုအကြိမ် ၂၀ ပြုလုပ်ခဲ့ပြီး ပြည်သူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားပြီး မွေးမြူထားသည့် နွားနှစ်ကောင် သေဆုံးသွားခဲ့ရသည်။
အလားတူ တနင်္သာရီ မြို့နယ်တွင်လည်း ပြီးခဲ့သည့် စက်တင်ဘာလဝက်အတွင်း စစ်ကောင်စီ၏ ဒရုန်း ဗုံးကြဲ ခြင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကျွဲထိန်းကုန်းရွာ၌ ဒေသခံ ၄ ဦး သေဆုံးပြီး ၂ ဦး ဒါဏ်ရာရရှိခဲ့သည့်အပြင် နေအိမ် ၄ လုံးပျက်စီးသွားခဲ့သည်။
ယခုလို စစ်ကောင်စီ၏ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်မှုများသည် သာမန်အားဖြင့် အဓိက အချက် ၃ ချက် ကိုတွေ့ရသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက မှတ်ချက်ပြုသည်။ ပထမအချက်အနေဖြင့် စစ်ကောင်စီက ၎င်းတို့ စခန်းကို လာတိုက်နိုင်သည့် လမ်းကြောင်းများကို ပစ်ခတ်ရှင်းလင်း ထားပြီး ပစ်မှတ်ယူသည့် သဘောမျိုးဖြစ်သည်ဟု ဆိုသည်။
“လက်နက်ကြီးနဲ့ရမ်းပစ်တာတွေက သူတို့ကြားတဲ့သတင်းတွေကြောင့် ကြောက်လို့ပစ်တာရှိတယ် ။ လာ တိုက်နိုင်တဲ့လမ်းကြောင်းတွေကို မကြာခဏပစ်ခတ်ပြီး လိုကေးရှင်းပွိုင့်(တည်နေရာ) ပစ်မှတ်ယူ တာရှိတယ်”ဟု လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော်ကိုရှဲဒိုးက ပြောသည်။
ဒုတိယအချက်အနေဖြင့် စစ်ကောင်စီက ရွာသားများကို ခြိမ်းခြောက်လိုသည့်အတွက် ပစ်ခတ်ခြင်း မျိုးဖြစ်သည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။ အထူးသဖြင့် ရွာသားများကြောက်လန့် ငြိမ်သက်နေစေရန်အတွက် အဓိက ရည်ရွယ်ခြင်းဖြစ်သည်။
တတိယအချက်အနေဖြင့် မည်သည့်တိုက်ပွဲမှ မရှိဘဲ တိုက်ပွဲအတု ဖန်တီးသည့် သဘောမျိုး တဖက် တည်း အသည်းအသန်ပစ်ခတ်နေမှုများလည်းရှိသည်ဟု တော်လှန်ရေးအဖွဲ့အစည်းများက ပြောသည်။
ထို့အပြင် စစ်ကောင်စီအနေဖြင့် လူအင်အားနည်းနေသည့်အတွက် လက်နက်ကြီးကို အားကိုးနေရပြီး ၎င်းတို့ အခြေချစခန်းအနီးသို့ တော်လှန်ရေးအဖွဲ့များ အနားကပ်မလာနိုင်စေရန် ရည်ရွယ်ပြီး ပစ်ခတ် မှုမျိုး ဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များက တညီတညွတ်တည်း ပြောသည်။