Home သတင်း မုန်းမြို့ပေါ် ရပ်ကွက်၌ မိုင်းပေါက်ကွဲ အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

မုန်းမြို့ပေါ် ရပ်ကွက်၌ မိုင်းပေါက်ကွဲ အမျိုးသမီး ၁ ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရ

285
Photo: CJ

အောက်တိုဘာ ၁၀၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ အမှတ် ၄ ရက်ကွက်ရှိ မူလတန်းကျောင်းအနောက်ဖက် လမ်းတစ်နေရာ၌ အောက်တိုဘာ ၈ ရက်တွင် နင်းမိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီး တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ ထောင်ထားသည့်နင်းမိုင်း ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ သုံးဦး စလုံး မစိုးရိမ်ရသည့် ဒဏ်ရာ များရရှိခဲ့ပြီး တောင်ငူမြို့ပေါ် ဆေးရုံသို့ ပို့ဆောင် ဆေးကုသထားသည်ဟု မြို့ခံအမျိုးသမီးတစ်ဦးက ဆိုသည်။

“ဟုတ်တယ် ၄ ရပ်ကွက်က ဦးစိုးလှိုင်တို့ မောင်နှမ ၂ ယောက်နဲ့ သူ့တူလေးတို့ထိတာ။ ဖြတ်ရတဲ့အဆင့်တော့ ဖြစ်မသွားဘူး။ အခုတောင်ငူဆေးရုံကို ပို့ထားတယ်။ အခြေအနေ ကောင်းတယ်။ လူမရှိရင်သူခိုးရန်က ကြောက်ရ သေးတော့ ကျမတို့က မုန်းမြို့ထဲလာပြန်နေကြတာ။ အခုလည်း ကျောင်းအနောက်မှာ ဖြစ်သွားတာဆိုတော့ မိုင်းအန္တရာယ် ကတော့ကြောက်ရတယ်” ဟု သူမက အောက်တိုဘာ ၁၀ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။

မုန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလပိုင်းကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်များနှင့် စစ်ကောင်စီတို့ တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားပြီးနောက် မုန်းမြို့အတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ-၅၉၀၊ ၅၉၉ တပ်ဖွဲ့ဝင်များ နေရာပြန်ယူထားပြီး လက်ရှိအချိန်ထိ နယ်မြေစိုးမိုးထားသည်ဟု ဒေသတွင်း ကေအဲန်ယူသတင်းအရင်းအမြစ်က ပြောသည်။

ယခုဖြစ်စဥ်တွင် မည်သည့်တပ်ဖွဲ့က ထောင်ခဲ့သည့်မိုင်းဖြစ်ကြောင်း မသိရှိရဟု ဒေသခံများကပြောဆို ကြသော် လည်း စစ်ကောင်စီ၏ဝါဒဖြန့် လူမှုကွန်ရက်နှင့် မီဒီယာအချို့ကမူ KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထောင်ထားသောမိုင်းဖြစ်သည်ဟု အွန်လိုင်းပေါ်တွင် ဖြန့်ဝေပြောဆိုမှုရှိနေသည်။

KNU မုန်းမြို့နယ်ပြောရေးဆိုခွင့်ရှိသူက “မုန်းမြို့ထဲမှာက စစ်တပ်ပဲရှိတယ်။ မိုင်းကလည်းသူတို့ပဲ ထောင်ထားမှာ ပေါ့။ ကျနော်တို့ ထောင်တာတော့မဟုတ်ပါဘူး။ သူတို့ပြန်ထိုင်တာ လပေါင်းမှ မနည်းတော့တာ။ အဲဒီကတည်းက ပြည်သူတွေကတော့ ထွက်ပြေးကြတာပဲ စစ်တပ်နဲ့ဆက်စပ်တဲ့သူတွေ လောက်ပဲပြန်နေကြတာ” ဟု ကေအိုင်စီသို့ မှတ်ချက်ပြု ပြောသည်။

ထို့အပြင် အောက်တိုဘာလ ၈ ရက်နေ့မိုင်းပေါက်ကွဲမှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူများမှာ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး၏ မိသားစုဝင်များဖြစ်ကြသလို ပဲစိုက်ပျိုးရေးလုပ်ကိုင်ရန် ဆိုင်ကယ်ဖြင့်အသွား မိုင်းထိဒဏ်ရာ ရခဲ့ ခြင်းဖြစ်သည်ဟု ဒေသခံများ၏ ပြောဆိုချက်များကို ကိုးကား၍ ဒေသတွင်း မီဒီယာတချို့တွင် ဖော်ပြထားသည်။

မုန်းမြို့တိုက်ပွဲများနောက်ပိုင်း စစ်တပ်က မြို့တွင်းရှိ ၎င်းတို့တပ်စွဲထားသည့် တပ်ရင်းနေရာများတွင် အင်အား ဖြည့်တင်းထားသလို နှစ်ဖက်ထိတွေ့တိုက်ပွဲမရှိသည့်တိုင် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လက်နက်ကြီး မကြာခဏပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားပြည်သူထိခိုက်မှုဖြစ်ပေါ်နေသည်ဟု ကေအဲန်ယူ၊ တပ်မဟာ-၃ ထံမှ သိရသည်။