အောက်တိုဘာ ၇ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ(၆) ဘုရားသုံးဆူမြို့တွင် တရုတ် လူမျိုးများအများပြား ဝင်ရောက်နေထိုင်ပြီး စီးပွားရေးလုပ်ငန်းမျိုးစုံ တိုးချဲ့နေသလို လောင်း ကစား မှုများလည်း ပြုလုပ်နေသည်ဟု မြို့ခံများက အောက်တိုဘာ ၇ ရက်နေ့တွင် ကေအိုင်စီသို့ ပြောသည်။
ဘုရားသုံးဆူမြို့သို့ ၂၀၂၄ ခုနှစ်ဧပြီလမှစ၍ တရုတ်လူမျိုးများ အလုံးအရင်းဝင်ရောက်နေထိုင်ကာ ၆ လအတွင်း တရုတ်ဝင်းတစ်ခုထွက်ပေါ်လာပြီး အဆိုပါ တရုတ်အဝန်းအဝိုင်းအတွင်း လောင်းကစား၊ အွန်လိုင်းငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေသည်ဟု သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။
ထို့အပြင် ဒေသခံများလုပ်ကိုင်သည့် စားသောက်ဆိုင်၊ အလှပြင်ဆိုင်နှင့် အထည်ဆိုင် စသည့် စီးပွားရေးလုပ်ငန်း မျိုးစုံတို့တွင်လည်း ဆိုင်ခန်းခ ဈေးတိုးမြှင့်ပေးပြီး ငှားရမ်းကာ ဝင်ရောက် လုပ်ကိုင်မှုမျိုး ဖြစ်ပေါ်နေသလို ဒေသခံတို့၏ လုပ်ငန်းများ ထိခိုက်လာသည်ဟု ဒေသခံများက ပြောသည်။
“အခုက အဓိက ဆိုင်ခန်းတွေပေါ့၊ အရင်တစ်လကို ဘတ်နှစ်ထောင်နဲ့ ငှားနေတဲ့ဆိုင်ခန်းတွေဆိုရင် ဆိုင်ခန်းပိုင်ရှင်တွေက သူတို့ပေးမငှားတော့ဘူး။ စျေးများများနဲ့ ငှားတဲ့ တရုတ်တွေကိုပဲ ပေးငှားတော့ ဒေသခံလူထုအတွက် အခက်ဖြစ်လာတယ် အဲဒါတော့။ တရုတ်တွေကသိတဲ့အတိုင်း သူတို့ဆီက ထွက်တဲ့ငွေတွေဆိုရင် တစ်ခြားလူဆီမှာပေးမထွက်ဘူး၊ သူတို့ဆီမှာပဲ ပြန်ပေးဝင်တယ်။ အဲဒါကြောင့် သူတို့လူမျိုးဆီကငွေတွေကို သူတို့ဆီပြန်ဝင်ဖို့ ဆိုင်တွေဖွင့်တာ”ဟု မြို့အုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် နီးစပ်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ဘုရားသုံးဆူသို့ တရုတ်လူမျိုးများ တရားဝင်အထောက်အထားဖြင့် ဝင်ရောက်လာသူ တရုတ်များက ပြင်ပစီးပွားရေး လုပ်ကိုင်ကြပြီး အထောက်အထားမရှိဘဲ ဝင်လာသူ တရုတ်များသည် ဒေသတွင် တရုတ်အဝန်းဟု လူသိများသည့်နေရာတွင် စုပေါင်းနေထိုင်ကာ ငွေလိမ်လုပ်ငန်းများ လုပ်ကိုင်နေကြသည်ဟု မြို့အုပ်ချုပ်ရေး အဖွဲ့ဝင်နှင့် နီးစပ်သူထံမှ သိရသည်။
“တရုတ်တွေက သူတို့စာရင်းလာပေးတာ တစ်ဝက်လောက်ပဲရှိတယ်။ အဲဒါကတော့ တရားဝင်နဲ့ လာတဲ့သူတွေပေါ့။ တရားမဝင် ဝင်လာတဲ့သူတွေ သူတို့စာရင်းမပေးရတဲ့သူတွေလည်း အများကြီး ပါတယ်။ အဓိကတော့ သူတို့ တရုတ်ဝင်းထဲမှာ နေတဲ့လူတွေပေါ့။ ကျနော်တို့ဘက်ကတော့ ရှောင် တခင်ဝင်စစ်ဖို့တော့ ရှိတယ်။ တရားဝင်လာတဲ့ တရုတ်တွေက တချို့ဆိုရင် ၁၃/နဲ့ ၁/ မှတ်ပုံတွေ ကိုင်ထားတဲ့ တရုတ်တွေအများကြီပါတယ်” ဟု မြို့အုပ်ချုပ်ရေးအဖွဲ့ဝင်နှင့်နီးစပ်သူတစ်ဦးက အောက်တိုဘာလ ၇ ရက်နေ့တွင် ပြောသည်။
လတ်တလောတွင် ဘုရားသုံးဆူမြို့ကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်- DKBA တို့က ပူးပေါင်းကာ အုပ်ချုပ်ရေးနှင့် လုံခြုံရေး ကိစ္စတို့ကို ပူးတွဲဆောင်ရွက်နေကြောင်း သိရသည်။
လက်ရှိမြို့ထဲတွင် အိမ်ငှားခ၊ ဆိုင်ခန်းငှားခနှင့် တိုက်ခန်းငှားခ အဆမတန်စျေးမြင့်တက်လာကာ တစ်ချို့ အိမ်နှင့် ဆိုင်ခန်းများသည် တစ်လကို ဘတ်ငွေတစ်သောင်းမှစတင်၍ ဘတ်ငါးသောင်းအထိ ငှားခ စျေးမြင့်တက်သွားသည့်အတွက် ဒေသခံလူထုများ အခက်တွေ့နေရကြောင်းလည်း သိရသည်။
ဘုရားသုံးဆူမြို့တွင် ရပ်ကွက်ကြီး ၄ ရပ်ကွက်ရှိကာ ရပ်ကွက်တိုင်းတွင် တရုတ်များ အိမ်ခန်းငှားနေထိုင်ကြသည်။ စစ်ကောင်စီစစ်မှုထမ်း ဥပဒေထုတ်ပြန်ပြီး နောက်ပိုင်းတွင် ဘုရား သုံးဆူမြို့သို့ ပြည်တွင်းမှ လူငယ်အများအပြား ဝင်ရောက်လာကြပြီး တချို့တရုတ်လုပ်ငန်းများထဲ၌ ဝင်ရောက်လုပ်ကိုင်သူများရှိကြောင်း သိရသည်။



















